CNI News
၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၅
ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)၏ အကြီးအကဲ Under Secretary General Mr. Martin Griffiths နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံကြသည်။
အဆိုပါ တွေ့ဆုံမှုကို ၂၀၂၃ ခုနှစ်၊ သြဂုတ် ၁၅ ရက်နေ့က နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမမှာ ဖြစ်သည်။
ထိုသို့ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေ များ၊ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သဖြင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ တာဝန်ယူခဲ့မှုအခြေအနေများကို ဆွေးနွေး ခဲ့ကြောင်း သိရသည်။
၀၂၃ ခုနှစ်၊ သြဂုတ် ၁၅ ရက် UNOCHA အကြီးအကဲနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
အလားတူ နစကအနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာ ဆက်လက် လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေး ဆောင်ရွက်နေမှုနှင့် တိုင်းရင်းသား ဒေသ များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများကိုလည်း ၎င်းက ရှင်းပြခဲ့ကြောင်း ထုတ်ပြန် ခဲ့သည်။
ထို့နောက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးရေးဆိုင်ရာ ကိစ္စရပ်များ ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခြေအနေများကို နှစ်ဖက် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။