CNI International News

နယူးဒေလီ ၊ သြဂုတ် ၃

အငြင်းပွားဖွယ် ဂျမူးနှင့် ကက်ရှ်မီးယား (Jammu and Kashmir) ဒေသအား နိုင်ငံအဖြစ် အသိအမှတ်ပြုမှုကို ပယ်ဖျက်ခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်ကို တရားရေးအရ စိန်ခေါ်ထားသော အသနားခံစာ အများအပြားကို အိန္ဒိယ၏ ထိပ်သီးတရားရုံးက သြဂုတ် ၂ ရက်တွင် စတင်စစ်ဆေး ကြားနာခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

၂၀၁၉ ခုနှစ်က ဝန်ကြီးချုပ် မိုဒီ (Narendra Modi) ၏ အစိုးရအဖွဲ့သည် ဂျမူးနှင့် ကက်ရှ်မီးယား၏ အထူးအခွင့်အရေးကို ပယ်ဖျက်သည့် ဥပဒေတစ်ရပ်  ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ 

တရားရုံးချုပ်မှ တရားသူကြီးချုပ် အပါအဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားသူကြီး ငါးဦးသည် ၁၉၄၇ ခုနှစ်တွင် အိန္ဒိယ လွတ်လပ်ရေးရခဲ့ပြီးနောက် ဂျမူးနှင့် ကက်ရှ်မီးယား၏ တည်ရှိမှု  အခြေအနေကို စိန်ခေါ်သည့် အသနားခံစာ အများအပြားကို တစ်ပြိင်နက်တည်း စစ်ဆေးကြားနာခဲ့သည်။ 

မိုဒီကို တွေ့ရစဉ်

ထိုအသနားခံစာများသည် ၂၀၁၉ ခုနှစ် အပြောင်းအလဲ မတိုင်မီက တင်ခဲ့သည့် အသနားခံစာများ ဖြစ်သည်။

အိန္ဒိယအစိုးရသည် လာဒက်ခ် (Ladakh) နှင့် ဂျမူး-ကက်ရှ်မီးယားဟူ၍ ဖက်ဒရယ်နယ်နိမိတ် နှစ်ခုအဖြစ်သို့ အံ့အားသင့်ဖွယ် ခွဲခြားခဲ့ပြီး ယင်းနယ်နိမိတ် နှစ်ခုလုံးကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် မပေးတော့ဘဲ ဗဟိုအစိုးရ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်သို့ ပြောင်းလဲထားရှိခဲ့သည်။

ထိုပြောင်းလဲမှုသည် မွတ်ဆလင် အများစုနေထိုင်သည့် ဂျမူး-ကက်ရှ်မီးယားဒေသကို ဂယက်ရိုက်ခတ်သွားခဲ့ပြီး လက်ရှိ ထိုဒေသတွင် ဒီမိုကရေစီ အလားအလာမရှိဘဲ  ကိုယ်ပိုင်အလံနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်း ဆုံးရှုံးခဲ့ကာ ဗျူရိုကရက်များ၏ အုပ်ချုပ်မှုအောက်သို့ ရောက်ရှိခဲ့သည်။

"ဒီအမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားသူကြီးတွေက စစ်ဆေးနေပါတယ်။ ကျနော်တို့ရဲ့ လျှောက်ထား ချက်တွေဟာ အရမ်းခိုင်မာတာကြောင့် သတင်းကောင်း ကြားရလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု မိုဒီ အစိုးရအဖွဲ့ ၏ ဆုံးဖြတ်ချက်ကို စိန်ခေါ်သည့် ပထမဆုံး အသနားခံစာ တင်သွင်းသူများထဲတွင် တစ်ဦး အပါအဝင်ဖြစ်သည့်  ကက်ရှ်မီးယားအခြေစိုက် လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဟက်စ်နာအင် မာဆူဒီက ပြောကြားခဲ့သည်။

 ကက်ရှ်မီးယားဒေသမှာ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ကိုတွေ့ရစဉ်

မာဆူဒီသည် ကက်ရှ်မီးယား အထက် တရားရုံးတွင်လည်း တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ကက်ရှ်မီးယား၏ အကြီးဆုံး နိုင်ငံရေးပါတီဖြစ်သည့် National Conference ပါတီဝင် တစ်ဦးဖြစ်သူ မာဆူဒီက ၂၀၁၉ ဆုံးဖြတ်ချက်သည် အိန္ဒိယ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် စံသတ်မှတ်ချက်များ၊ လုပ်ထုံး လုပ်နည်းများအားလုံးကို ချိုးဖောက်ခဲ့သည်ဟု ပြောသည်။ 

ကက်ရှ်မီးယား ဒေသခံ အများစုသည် ပါကစ္စတန်၏ အုပ်ချုပ်မှုအောက်တွင် နေထိုင်ရန် သို့မဟုတ် လွတ်လပ်သည့် နိုင်ငံတစ်ခုအဖြစ် ထူထောင်ရန် ဆန္ဒရှိနေကြသည်။

Source: အေပီ