CNI International News

နယူးဒေလီ၊ ဇူလိုင် ၂၇

အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ပိုင်း၊ မဏိပူရပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် လူမျိုးစု ပဋိပက္ခနှင့်ပတ်သက်ပြီး အသေး စိတ် ဖြေရှင်းရန် ဝန်ကြီးချုပ်မိုဒီ (Narendra Modi) အား ဖိအားပေးသည့်အနေဖြင့် အတိုက်အခံ မဟာမိတ်ပါတီ များက အစိုးရအဖွဲ့အား အယုံအကြည်မရှိအဆို တင်သွင်းပြီး မဲခွဲဆုံးဖြတ်မှုကို လွှတ်တော်က ခွင့်ပြုပေးခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

မိုဒီ၏ ဘရာတီယာ ဂျန်နာတာ ပါတီ-ဘီဂျေပီ (Bharatiya Janata Party- BJP) သည် အောက်လွှတ်တော်၏ နေရာ ၅၄၂ နေရာတွင် နေရာ ၃၀၁ နေရာဖြင့် အမတ်နေရာ အများစုကို ရရှိထားသဖြင့် အဆိုပါ အယုံအကြည် မရှိ အဆို မဲခွဲဆုံးဖြတ်မှုသည် ၎င်းအပေါ် သက်ရောက်မှု ရှိနိုင်မည်မဟုတ်ပေ။

အတိုက်အခံများကမူ BJP ပါတီအုပ်ချုပ်သည့် မဏိပူရ ပြည်နယ်တွင် မေလ အစောပိုင်းကတည်းက လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့ပြီး လူ ၆၀၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည့် ပဋိပက္ခနှင့်ပတ်သက်၍ အချေအတင် ငြင်းခုံ ဆွေးနွေးမှုများ ပြုလုပ်ရန် ဆန္ဒရှိနေကြသည်။

မဏိပူရ အဓိကရုန်းကြောင့် တိမ်းရှောင်လာကြသူများကိုတွေ့ရစဉ်

အတိုက်အခံများ၏ လုပ်ဆောင်ချက်ကို အတည်ပြုသည့် အနေဖြင့် အောက်လွှတ်တော်ဥက္ကဋ္ဌ အွမ် ဘီယာလာ (Om Birla) က သူ့အနေဖြင့် ထိုအချေအတင် ဆွေးနွေးမှုနှင့် အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်မှုကို မည်သည့် အချိန်တွင် ပြုလုပ်သွားမည်ကို မကြာမီအချိန်အတွင်း ဆုံးဖြတ်မည်ဟု ဇူလိုင် ၂၆ ရက်က ပြောကြားခဲ့သည်။

အတိုက်အခံညွန့်ပေါင်း၏ အဖွဲ့ဝင်ဖြစ်သည့် အမ် အက်ဒ်မီ ပါတီ (Aam Aadmi Party) မှ ရက်ဂ်ဟေ့ဗ် ချန်ဒရာ (Raghav Chadha) ကမူ "အိန္ဒိယ လွှတ်တော်သမိုင်းမှာ ဘယ်လို ရလဒ်တွေပဲ ထွက်လာပါစေ၊  အချေအတင် ငြင်းခုံမှု၊ ဆွေးနွေးညှိနှိုင်းမှုတွေကို လုပ်ဆောင်ခဲ့တဲ့ အစဉ်အလာတွေ ရှိခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။

အတိုက်အခံပါတီက လွှတ်တော်အမတ် ရက်ဂ်ဟေ့ဗ်ချန်ဒရာကို တွေ့ရစဉ်

လွှတ်တော်အမတ် တစ်ဦးဖြစ်သူ ကိုဒီကန်နေးလ် ဆူရက်ရှ် (Kodikunnil Suresh) ကလည်း မိုဒီသည် ပါလီမန်သို့ လာရောက်ရန် အတိုက်အခံများ၏ တောင်းဆိုမှုများကို လျစ်လျူရှုခဲ့သည်ဟု ပြောကြားခဲ့သည်။

"ဝန်ကြီးချုပ်ဟာ အစီရင်ခံ တင်ပြဖို့အတွက် အဆင်သင့် မဖြစ်သေးပါဘူး။ ဝန်ကြီးချုပ်ဟာ လွှတ်တော်ကိုလာပြီး အစီရင်ခံရပါလိမ့်မယ်။ မဏိပူရပြည်နယ်မှာ မီးဟုန်းဟုန်း တောက်နေပါပြီ"ဟု ဆူရက်ရှ်က ပြောသည်။ 

လူဦးရေ ၃ ဒသမ ၂ သန်းသာရှိသည့် မဏိပူရပြည်နယ်တွင် လူမျိုးစု တင်းမာမှုများသည်  ၂၀၂၄ ခုနှစ်၊ မေလတွင် ရွေးကောက်ပွဲနှင့် ရင်ဆိုင်ရမည့်် မိုဒီ၏ အစိုးရအဖွဲ့အတွက် လုံခြုံရေးနှင့် နိုင်ငံရေး ကျရှုံးမှုတစ်ခုအဖြစ် ရှုမြင်ခံခဲ့ ရသည်။

Source: အယ်လ်ဂျားဇီးယား