CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄

ဖမ်းဆီးထိန်းသိမ်းခံထားရသည်ဟု ရေးသားထုတ်လွှင့်ခံရသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်သည် ယနေ့ (ဇွန်လ ၁၄ ရက်)တွင် လက်နက်များဖြင့် အလင်းဝင်လာသည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF) အဖွဲ့ဝင် ၁၁ ဦးကို ဆုကြေးငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်နှင့် ကလေးမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၁၁ ဦးတို့သည် မြောင်းပြန်သေနတ် ၅ လက်၊ ပစ္စတိုသေနတ် ၁ လက်နှင့်အတူ အလင်း ဝင်ရောက်လာခဲ့ရာ ဇွန်လ ၁၄ ရက်နေ့က တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ် ကျော်တို့ထံ လက်နက်များ အပ်နှံမှု ပြုလုပ်ခဲ့သည်။

ထို့နောက် မောင်းပြန်သေနတ်ဖြင့် အလင်းဝင်ရောက်လာသူ ၅ ဦးအား ၁ ဦးလျှင် ဆုကြေးငွေ သိန်း ၅၀ ၊ ပစ္စတို သေနတ်ဖြင့် အလင်းဝင်ရောက်လာသူ ၁ ဦးအား ဆုကြေးငွေ ၂၅ သိန်း၊ လက်နက်မဲ့ အလင်းဝင်ရောက်လာသူ ၅ ဥိးအား ၁ ဦးလျှင် သိန်း ၂၀  စသဖြင့် ဆုကြေးငွေများ ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်သွားသည်။

အဆိုပါ အလင်းဝင်ရောက်လာသူများကို ဝန်ခံကတိ လက်မှတ်ရေးထိုးခိုင်းပြီးနောက် မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

နစကသည် PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည် အဖွဲ့ အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်နှင့် လက်နက်/ခဲ ယမ်းများဖြင့် ဝင်ရောက်လာသူများကိုလည်း ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ မေလ ၉ ရက်မှ ၁၆ ရက်နေ့ထိ ဖိတ်ခေါ်ခဲ့သည်။

အလင်းဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၁၁ ဦးကို ဆုကြေးငွေများ ပေးအပ်ခဲ့သည့် နမခ တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်သည် နေပြည်တော်သို့ အရေးပေါ် သွားရောက်စဉ် ဖမ်းဆီးခံထားရသည်ဟု ဇွန်လ ၁၃ ရက်နေ့က သတင်းမီဒီယာတချို့က ရေးသားခဲ့သေးသည်။