ဂျနီဗာ၊စက်တင်ဘာ ၃၀

ဆီးရီးယားပြည်တွင်းစစ် ၂၀၁၁ ခုနှစ်၊ မတ်လမှ ၂၀၂၁ မတ်လအထိ ဆယ်စုနှစ်တစ်ခုကြာ ဖြစ်ပွားခဲ့ရာ ကုလသမဂ္ဂက ကောက်ယူခဲ့သောစစ်တမ်းများအရ အရပ်သားပေါင်း ၃၅၀,၀၀၀(သုံးသိန်းငါးသောင်း) ခန့်သေဆုံးခဲ့ရကြောင်း သိရသည်။

လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးအနေဖြင့် ဆီးရီးယားပြည်တွင်းစစ်စုံစမ်းစစ်ဆေးရေးအဖွဲ့ ခန့်အပ်ခဲ့ပြီး တွေ့ရှိမှုရလဒ်များကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ တင်ပြခဲ့ရာမှ ဆီးရီးယားအရပ်သားသေဆုံးမှုစာရင်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ၎င်းမဟာမင်းကြီးရုံးသည် ၂၀၁၄ ခုနှစ် ဆီးရီးယားပြည်တွင်းစစ်၌ သေဆုံးသူစာရင်း ကို ဆိုင်းငံ့ခဲ့ပြီး ယင်းသို့ဆိုင်းငံ့ရခြင်းမှာ စစ်ဆေးအတည်ပြုနိုင်သော သတင်းအချက်အလက်များ စုဆောင်းရသည့် လုပ်ငန်းစဉ်သည် ပိုမိုရှုပ်ထွေးပြီး အန္တရာယ်များလာသောကြောင့်ဟု ဆိုသည်။ အဆိုပါစုံစမ်းစစ်ဆေးမှု နောက်ဆုံး အဆင့်၌ ဆီးရီးယားအရပ်သား ၁၉၁,၀၀၀ ကျော်သေဆုံးကြောင်း အစီရင်ခံခဲ့သည်။

ယခုတင်ပြထားသော ဆီးရီးယားပဋိပက္ခနှင့် ဆက်နွယ်၍ သေဆုံးသူ ၃၅၀,၀၀၀ ကျော်သည် ၎င်း၏အေဂျင်စီမှ အချက်အလက်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ စုဆောင်းထားသော အချက်လက်များနှင့် ဆီးရီးယား လက်ရှိ အစိုးရထံမှ အချက်အလက်များအပေါ်အခြေခံ၍ တင်ပြကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ မီချလီဘချီလက်က ပြော သည်။

“ကျမတို့ နံပတ်စဉ်အလိုက် ဖော်ပြထားတာက အမည်အပြည့်အစုံသတ်မှတ်နိုင်တဲ့လူတွေ၊ သေဆုံးတဲ့ရက်စွဲနဲ့ ဒေသန္တရအုပ်ချုပ်ရေးရုံးကနေရတဲ့ သေဆုံးသူစာရင်းတွေပဲ ပါပါတယ်။ ဒါပေမယ့် ဒီစာရင်းတွေကို ဆီးရီးယား ပဋိပက္ခနဲ့ ဆက်စပ်တဲ့ သတ်ဖြတ်မှုတွေအတွက် ပြီးပြည့်စုံတဲ့စာရင်းလို့ မယူဆသင့်ပါဘူး။

အနိမ့်ဆုံး ဖြစ်နိုင်ခြေ အရေအတွက် ညွှန်ပြပြီးတော့ အမှန်တကယ်သတ်ဖြတ်ခံခဲ့ရတဲ့အရေအတွက်ကိုပဲ စိစစ်ထားတာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

သတ်ဖြတ်ခံရမှုအများဆုံးမှတ်တမ်းများကို ဆီးရီးယားနိုင်ငံ၊ အလက်ပိုမြို့မှ စတင်မှတ်တမ်းတင်ခဲ့ပြီး နောက်ပိုင်း တွင် မြို့တော်ဒမတ်စကတ်ဆင်ခြေဖုံး၊ ဟွမ်မြို့၊ အိုင်ဒလစ်မြို့၊ ဟားမားမြို့နှင့် တာတာ့စ်မြို့တို့သို့ ဆက်လက် စာရင်းကောက်ယူခဲ့သည်။ သတ်ဖြတ်ခံရသူ ၁၃ ဦးကျော်တွင် တစ်ဦးမှာ အမျိုးသမီးဖြစ်ပြီး ၁၃ ဦးနီးပါးတွင် တစ်ဦးမှာ ကလေးသူငယ်ဖြစ် ကြောင်း ၎င်းအစီရင်ခံစာက တွေ့ရှိသည်ဟုဆိုသည်။

ဆီးရီးယားပဋိပက္ခသည် ကမ္ဘာ့အကြီးမားဆုံးဒုက္ခသည်အကျပ်အတည်းကို ဖြစ်ပေါ်စေပြီး ခန့်မှန်းခြေ ၆ ဒသမ ၈ သန်းမှာ ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများဖြစ်သည်။

အိမ်နီးချင်းနိုင်ငံအများစုတွင်လည်း ဆီးရီးယားမှ ထွက်ပြေးခိုလှုံလာသူ လူဦးရေ ၆ ဒသမ ၇ သန်းမှာ အိုးမဲ့အိမ်မဲ့ဖြစ်နေသည်။ ဆီးရီးယားမှ ရွှေ့ပြောင်းနေထိုင်သူ ၁၃ ဒသမ ၅ သန်းကျော်သည် လက်ရှိဆီးရီးယားစုစုပေါင်းလူဦးရေ၏ထက်ဝက်ကျော်ရှိနေသည်။