CNI International News

မော်စကို၊ ဇန်နဝါရီ ၃၁

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ရုရှားခရီးစဉ်သည် ၂၀၂၃ ခုနှစ် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အရေးပါသော အခိုက် အတန့် တစ်ခုဖြစ်လာလိမ့်မည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြောင်း တာ့စ်သတင်းတွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် ရုရှားသံတမန်ရေးရာ ရလဒ်များနှင့် ပတ်သက်၍ မှတ်ချက်စကားတွင် ထည့်သွင်း ပြောဆိုခဲ့ ခြင်းဖြစ်သည်။

ယခုနှစ်တွင် နှစ်နိုင်ငံအစိုးရများအကြား အပြန်အလှန် ဆက်ဆံရေးများ တိုးချဲ့ရန်နှင့် မြှင့်တင်ရန် ရုရှားနှင့် တရုတ် တို့က ကြိုးစားသွားမည်ဖြစ်ကြောင်း၊ ယခုနှစ် နွေဦးတွင် ရုရှားသို့ လာရောက်ရန် တရုတ်သမ္မတကို ရုရှား သမ္မတ က ဖိတ်ကြားထားကြောင်း၊ ထိုခရီးစဉ်ကို ၂၀၂၃ ခုနှစ် အပြန်အလှန် ဆက်ဆံရေး အစီအစဉ်အတွက် အရေးပါ သော အခန်းကဏ္ဍအဖြစ် နားလည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

ပွင့်လင်းမြင်သာမှုရှိသော အပြန်အလှန် မိတ်ဖက်ဆက်ဆံရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးတို့ အတွက် ခေါင်းဆောင်နှစ်ဦးအကြား ယုံကြည်သော ဆက်ဆံရေး အခန်းကဏ္ဍကိုလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာနက မီးမောင်းထိုး ပြောဆိုခဲ့သည်။

ရှီကျင့်ဖျင်နဲ့ ပူတင်ကိုတွေ့ရစဉ် (GETTY IMAGES)

ပြီးခဲ့သော ဆယ်စုနှစ်များအတွင်းက ခေါင်းဆောင်များအကြား တွေ့ဆုံ ဆွေးနွေးမှု အကြိမ် ၄၀ ခန့်ပြုလုပ်ခဲ့ ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောသည်။

ခေါင်းဆောင်နှစ်ဦး လူချင်း တွေ့ဆုံမှုများကို တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ဖြေလျော့မှုများ လုပ်ဆောင်စဉ် အတွင်း ပြုလုပ်နိုင်ရန် မျှော်လင့်သည်ဟု ဆိုသည်။

ပထဝီနိုင်ငံရေးဆိုင်ရာ ပြောင်းလဲမှု အခြေအနေများတွင် နှစ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်၊ ဒေသတွင်း ပဋိပက္ခများ ချုပ်ငြိမ်းရန်၊ ထိပ်တိုက် တွေ့ဆုံမှုများကို ကျော်လွှားရန် နှင့် ညီညွှတ်သော အစီအစဉ်တစ်ခုကို ဖော်ဆောင်ရန်တို့အတွက် နိုင်ငံခြားရေးမူဝါဒများကို ပူးပေါင်းဆောင်ရွက် နိုင်ခဲ့သည်။
ထိုသို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အမေရိကန်၏ တိုက်ခိုက်ရန် ကြိုးပမ်းမှုများကို ခိုင်မာသော ခြေလှမ်းများ ချမှတ် ဆောင်ရွက် နိုင်ခဲ့သည်ဟုလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

ပြီးခဲ့သော နှစ်တွင် ရုရှားနှင့်တရုတ်တို့၏ ကုန်သွယ်ရေးသည် သုံးပုံတစ်ပုံအထိ စံချိန်တင် မြင့်တက်ခဲ့ကာ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများလည်း မြင့်တက်လာခဲ့သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

Source: တာ့စ်