CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၁

နွေဦးတော်လှန်ရေးမှာ မပါဝင်ရန် ချင်းအမျိုးသားတပ်ဦး (CNF)၏ ဌာနချုပ်ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ၏ ဗဟိုစခန်းများကို လေယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သလို ယခုဖြစ်စဉ်မှာလည်း လေယာဉ်ဖြင့် တိုက်ခိုက်ပြီး အားပေးခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးသန်းစိုးနိုင်က “NUG ဦးဆောင်တဲ့ နွေဦးတော်လှန်ရေးထဲကို ဆက်လက်ပါဝင်ခြင်း မပြုပဲနဲ့ သူတို့ဘက်ကို မျက်နှာမူ လာစေဖို့အတွက် စစ်ရေးအရ ဖိအားပေးတာ အဲဒီလို အလုပ်တွေကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက TNLA ပလောင် EAO အဖွဲ့တွေရဲ့ ဗဟိုစခန်းကိုလည်း နမ့်ဆန်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်၊ ပြီးတော့မှ မှားတယ်လို့ ပြော ပြီး ခွာထွက်သွားတယ်၊ အဲဒီမှာလည်း အတော်ပြင်းထန် ၃ ရက်လောက် လေကြောင်းထိုးစစ်တွေ လုပ်ခဲ့ပါတယ်၊ နောက်မှ ဒါက မှားယွင်းပြီး ပစ်ခတ်တာ ဖြစ်တယ်၊ အဓိပ္ပာယ်ကတော့ ညီနောင် ၃ ဖွဲ့မှာ ပါဝင်နေတဲ့ တအာင်း ပလောင် အဖွဲ့ ဌာနချုပ်ကို သွားရောက်ပြီးတော့ ဗုံးကြဲတိုက်ခိုက်တာ အဓိပ္ပာယ်က‌တော့ ဒီအင်အားစုတွေ NUG အစိုးရ ဦး‌ဆောင်ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးဘက်ကို ပါဝင်မသွားဖို့အတွက် သူတို့ တိုက်ခိုက်တာပါ၊ အလား တူပဲ CNF ကိုလည်း NUG ဦးဆောင်တဲ့ နွေဦးတော်လှန်ရေးဘက်မှာ ပါဝင်တိုက်ခိုက်နေမှုအပေါ်မှာ စစ်ရေးအရ ဖိအားပေးပြီး‌တော့ စစ်ကောင်စီဘက်ကို ဦးလှည့်လာဖို့၊ မျက်နှာမူလာဖို့ တိုက်ခိုက်တယ်လို့ ကျနော်ကတော့ ယူဆပါတယ်ခင်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့ တပ်မတော်က CNF ဌာနချုပ်ကို ဗုံးကြဲမှု အခြေပြမြေပုံ(CHRO)


အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိ CNF ၏ ဗစ်တိုးရီးယားဌာနချုပ် စခန်းကို တပ်မတော်က ဇန်နဝါရီ ၁၀ ရက် ညနေ ၄ နာရီကျော်မှာ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် CNF တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

တစ်ဖက်နှင့်တစ်ဖက် နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေး၍ မရသည့်အဆုံးတွင် ထိတွေ့တိုက်ပွဲများမှာ ဆက်လက် ဖြစ်ပွားနေမှာဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာန ကို ပြောသည်။

၎င်းက “တစ်ဖက်နဲ့ တစ်ဖက် လက်နက်ကိုင် ပဋိပက္ခအနေနဲ့ ဖြစ်ကြတယ်၊ လက်နက်ကိုင် ပဋိပက္ခမှာ ထိတွေ့မှု ရှိကြတယ်ဆိုတာတော့ ရှင်းပါတယ်၊ နိုင်ငံရေးအရ ဘယ်လိုမှ ညှိနှိုင်းဆောင်ရွက်လို့ မရတော့ဘူး။ ဒါ့အပြင် နိုင်ငံရေးအရ ညှိနှိုင်းဆောင်ရွက်တဲ့ နေရာမှာ တစ်ဖက်က ဖွင့်ပေးထားတဲ့ လမ်းကြောင်းပေါ် တစ်ဖက်က မလာနိုင် ဘူးဆိုရင်တော့ ဒါမျိုး ထိတွေ့တိုက်ခိုက်မှုကတော့ ဖြစ်လာမှာပဲ သိပ်တော့ မဆန်းလှပါဘူး။ အဲဒီတော့ ငြိမ်းချမ်း ရေး ဖိတ်ခေါ်ထားတယ်၊ လမ်းဖွင့်ပေးထားတယ်ဆိုတာ ဒီလိုမျိုး အဖြစ်အပျက်တွေကို ရှောင်လွဲပြီး‌တော့ တကယ် တမ်းကို ကျနော်တို့က အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး ဦးတည်ထားတာပေါ့၊ အဲဒီတော့ တစ်ဖက်ထဲ ကနေပြီးတော့ ငြိမ်းချမ်းရေးဆိုတာ သွားနေလို့မရဘူး။ ပါဝင်တဲ့သူတွေ အကုန်လုံးက တကယ့်ကို ငြိမ်းချမ်းရေး လမ်းကြောင်းပေါ် သွားချင်ရဲ့လားဆိုတဲ့ အခြေအနေက ခုနပြောတဲ့ အဲဒီဆန္ဒက တစ်ဖက်က မရှိတော့ဘူး၊ အထူး သဖြင့် EAO တွေဖက်က ဒါမျိုး မလိုက်နာနိုင်တော့ဘူး။ သူတို့တွေးတာက ဒီဖက်က ဖိတ်ခေါ်ချက်ကို တစ်မျိုး အဓိပ္ပာယ် ကောက်ထားတယ်ဆိုရင်တော့ ခုနပြောတဲ့ ထိတွေ့မှု တိုက်ခိုက်မှုတွေက ဆက်ဖြစ်နေဦးမှာပါပဲ” ဟု ပြောသည်။

နိုင်ငံရေးအရ အဖြေရှာ၍ မရဘဲ တစ်ဖက်နှင့် တစ်ဖက် အပြုတ်တိုက်ကြသည့်အခါ ပြည်သူလူထုက နစ်နာနေမှာ ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့ တပ်မတော်က CNF ဌာနချုပ်ကို ဗုံးကြဲမှုကိုတွေ့ရစဉ်

၎င်းက “သူတို့ NCA ထိုးထားတဲ့ အဖွဲ့တွေရော၊ မထိုးရသေးတဲ့ UWSA တို့ ဘာတို့နဲ့ရော ကောင်းကောင်းမွန်မွန် ဒီနိုင်ငံရေးအရ ဖြေရှင်းပြီးတော့ ဆွေး‌နွေးပြီးတော့ ဖြေရှင်းဖို့ ကြိုးစားနေတာပဲလေ၊ NUG တို့ PDF တို့ကတော့ အပြုတ်တိုက်မယ်ဆိုပြီးတော့ စေ့စပ်ဆွေး‌နွေးရေးကိုလည်း လက်မခံ၊ သူတို့ ပေါ်လာတာလည်း မကြာသေးဘူး။ အဲဒီလိုဆို‌တော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မူလကတည်းက မူလရည်ရွယ်ချက်တွေလည်း မတူကြဘူးလေ၊ မတူကြတော့ နှစ်ဖက်စလုံးက နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့၊ ဆွေး‌နွေးဖို့လည်း နှစ်ဖက်စလုံးက သဘောမတူတာ၊ တပ်ကလည်း သဘောမတူဘူး။ ဟိုဖက်ကလည်း သဘောမတူဘူး။ အဲဒီလို သဘောမတူတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ထောက်ပံ့နေတဲ့၊ ကူညီနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ကိုလည်း တပ်က ရန်သူလို့ စာရင်းသွင်းပြီးတော့ တိုက်တာပေါ့ဗျာ၊ အဲဒီတော့ နိုင်ငံရေးအရ ဆွေး‌နွေးဖို့ အဖြေရှာဖို့ မဖြစ်မချင်းကတော့ တစ်ဖက်နဲ့ တစ်ဖက် မူလရည်ရွယ်ချက်အတိုင်း အပြုတ်တိုက်ကြတဲ့အခါ လူထုကတော့ အများကြီး နစ်နာမှာပေါ့နော်၊ ပြည်သူလူထုရော တိုင်းပြည်ရော နစ်နာမှာပေါ့” ဟု ပြောသည်။

နစကနှင့် တွေ့ဆုံဆွေးနွေးခြင်း မရှိသလို ၎င်းတို့ကိုလည်း အယုံအကြည်မရှိကြောင်း ချင်းပြည်နယ် ပူးတွဲ ကာကွယ်ရေး ကော်မတီ (CJDC)မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ဘက်ကတော့ ဘယ်လိုပြောမလဲ နိုင်ငံရေးအရလည်း ကျနော်တို့နဲ့ ဆွေး‌နွေးခဲ့တာလည်း မရှိသလို သူတို့ရဲ့ ပြောဆိုချက်အပေါ်မှာလည်း တစ်ခါမှလည်း ဒီကြားထဲမှာ တွေ့ဆုံဆွေးနွေးခဲ့တာလည်း မရှိ ဘူးဆိုတော့လေ သူတို့ပြောသမျှကိုတော့ ဘယ်လိုပြောမလဲ တသမတ်တည်း တစ်ခုအနေနဲ့ မှတ်ယူထားတာ မျိုးတော့ မရှိပါဘူးခင်ဗျ၊ သူတို့အနေနဲ့ကတော့ သူတို့ လုပ်စရာရှိတာ လုပ်သွားမှာပဲ၊ သူတို့အနေနဲ့ တရားဝင် ပဲဖြစ်ဖြစ်၊ တရားမဝင်ပဲ ဖြစ်ဖြစ် သူတို့ ပေးပို့တဲ့စာတွေ သူတို့ ထုတ်ပြန်ချက်တွေကိုတော့ ကျနော်တို့ အယုံအကြည် မရှိတာတော့ အခုမှ မဟုတ်တဲ့အတွက် အရမ်းကြီးလည်း ကျနော်တို့ ထိတ်လန့်မနေပါဘူး” ဟု ပြောသည်။

ချင်းအမျိုးသားတပ်ဦး (CNF) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော ချင်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

သို့သော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီအတွင်း မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပွားခဲ့ပြီးနောက် ချင်းဒေသ အတွင်း ပေါ်ပေါက်လာသည့် LDF (တနည်းအားဖြင့် CDF)များနှင့် ပူးပေါင်းပြီး မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။