CNI International News

ဂျေရုစလင်၊ ဇန်နဝါရီ ၁၀

အများပြည်သူနှင့်ဆိုင်သော နေရာများမှ ပါလက်စတိုင်းအလံများကို ဖြုတ်သိမ်းရန် အစ္စရေးအမျိုးသား လုံခြုံရေး ဝန်ကြီးသစ် အစ်တမာ ဘင်ဂါဗီ (Itamar Ben-Gvir)က ရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့သည်ဟု အယ်ဂျာဇီးယား သတင်း တွင် ဖော်ပြထားသည်။

ပါလက်စတိုင်းနိုင်ငံ အမှတ်အသားသည် အကြမ်းဖက်မှု သင်္ကေတ ဖြစ်သည်ဟု ပြောကြား၍ ထိုသို့ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

အစ္စရေးဥပဒေတွင် ပါလက်စတိုင်းအလံနှင့် ပတ်သက်၍ ပိတ်ပင်တားဆီးမှု မရှိသော်လည်း ယင်းသည် ပြည်သူများ အပေါ် ခြိမ်းခြောက်မှု ဖြစ်လာလျှင် ရဲနှင့်စစ်သားများက ဖယ်ရှားရန် အခွင့်အရေးရှိသည်။

ဘင်ဂါဗီသည် နေတန်ညာဟု လက်ယာစွန်း အစိုးရသစ်မှ အစွန်းရောက်မျိုးချစ် Jewish Power ပါတီကို ဦးဆောင်သူ ဖြစ်သည်။

အစ္စရေးအမျိုးသား လုံခြုံရေး ဝန်ကြီးသစ် အစ်တမာ ဘင်ဂါဗီကိုတွေ့ရစဉ်(GETTY IMAGES)

၎င်း၏ ညွှန်ကြားချက်သည် ပါလက်စတိုင်းတို့၏ ကိုယ်ပိုင်လက္ခဏာနှင့် လွတ်လပ်စွာ ပြောဆိုခွင့်၊ ပါလက်စတိုင်း လိုလားသော ဆန္ဒပြပွဲများနှင့်ပတ်သက်၍ တင်းမာသော သဘောထားရှိသည်ကို ဖော်ပြနေသည်။

အစ္စရေးနိုင်ငံအတွင်း ပါလက်စတိုင်းအလံများ လွှင့်ထူခြင်းကို အစ္စရေးအာဏာပိုင်များက ကာလရှည် ဖိနှိပ်ထား လျက်ရှိပြီး ယင်းသည် ပါလက်စတိုင်း ကိုယ်ပိုင်လက္ခဏာကို နှိပ်ကွက်ခြင်းဟု ပါလက်စတိုင်းတို့က မှတ်ယူထားသည်။

ဘင်ဂါဗီ၏ ညွှန်ကြားချက်သည် မြို့တော် တဲလ်အဗစ် (Tel Aviv) တွင် စနေနေ့၌ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲကြီး များ ဖြစ်ပေါ်ခဲ့ပြီးနောက် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဆန္ဒပြသူများသည် ပါလက်စတိုင်း အလံများကို ဝှေ့ ယမ်းခဲ့ကြသည်။

ဆန္ဒပြသူများက ဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ညာဟု (Benjamin Netanyahu) ၏ အစိုးရသစ်ကို ဖက်ဆစ်ဟု သမုတ်ခဲ့ပြီး ပါလက်စတိုင်းနှင့် အစ္စရေးအကြား တန်းတူညီမျှမှုနှင့် အတူယှဉ်တွဲနေထိုင်မှုကို ထောက်ခံကြောင်း ပြောဆိုခဲ့သည်။

သို့သော် ဆန္ဒပြပွဲများတွင် ပါလက်စတိုင်းအလံများ ရှိနေခြင်းက ရိုင်းစိုင်းသော လှုံ့ဆော်မှုဖြစ်သည်ဟု နေတန်ညာ ဟုက တွစ်တာတွင် ရေးသားသည်။

Source: အယ်ဂျာဇီးယား