CNI International News

ဆိုးလ်၊ဒီဇင်ဘာ ၂၉

စစ်တပ်အင်အားကို ထပ်မံမြှင့်တင်ရေး စီမံကိန်းသစ်များအား မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) က ထိပ်တန်းနိုင်ငံရေး အရာရှိများထံ ချပြခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာမှ ဗုဒ္ဓဟူးနေ့(ဒီဇင်ဘာ ၂၉ ရက်)တွင် ဖော်ပြခဲ့သည်။

အဆိုပါ စီမံကိန်းသည် ကင်မ်ဂျုံအန်အနေဖြင့် လက်နက်များ စမ်းသပ်မှုဖြင့် ရန်စမှုများကို ဆက်လက် ပြုလုပ်သွား မည်ဆိုသည့် ညွှန်းဆိုချက် ဖြစ်သည်ဟု အေပီသတင်းက ရေးသားဖော်ပြထားသည်။

ကင်မ်၏ စီမံကိန်းအသစ်များမှာ အစဉ်အလာ ရန်ဘက် တောင်ကိုရီးယားနိုင်ငံနှင့် ဆက်ဆံရေး အခြေအနေများ ဆိုးရွားနေချိန်တွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။ မြောက်ကိုရီးယား ဒရုန်းများသည် ငါးနှစ်အတွင်း ပထမဆုံး အ နေဖြင့် တောင်ကိုရီးယား ပိုင်နက်တွင်းသို့ ရောက်ရှိလာခဲ့ကြောင်း တောင်ကိုရီးယးဘက်က စွပ်စွဲထားသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကိုတွေ့ရစဉ် (KCNA)

ယခုနှစ်အတွင်း မြောက်ကိုရီးယားသည် ဒုံးကျည်ပစ်လွှတ် စမ်းသပ်မှုများကို စံချိန်တင် ပြုလုပ်ခဲ့သည်။ ထို အခြေအနေသည် နိုင်ငံ၏ လက်နက်စွမ်းရည်ကို အဆင့်မြှင့်ရန်အပြင် ပြိုင်ဘက်များနှင့် ဆွေးနွေးမှုများတွင် အသာစီးရရန် ကြိုးပမ်းမှုဟု ပညာရှင်များက သုံးသပ်ကြသည်။

အာဏာရအလုပ်သမားပါတီ၏ အင်္ဂါနေ့ ဆွေးနွေးမှု အစီအစဉ်တစ်ခုတွင် ကင်မ်က ကိုရီးယား ကျွန်းဆွယ်နှင့် နိုင်ငံတကာ နိုင်ငံရေး စာမျက်နှာ၌ ပေါ်ပေါက်နေသော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုသစ်များကို ခွဲခြားပြသခဲ့ ကြောင်း နိုင်ငံပိုင် KCNA သတင်းတွင် ဖော်ပြသည်။
ထို့နောက် မြောက်ကိုရီးယား၏ အချုပ်အခြာအာဏာနှင့် အကျိုးစီးပွားကို ကာကွယ်ရေးအတွက် ရန်သူများအား တိုက်ခိုက်ရန်၊ ပြင်ပဆက်ဆံရေးများ ပြုလုပ်ရန် လိုအပ်သော အခြေခံမူဘောင်များနှင့် လမ်းညွှန်ချက်များကို ရှင်းလင်းပြသခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းတွင် ဖော်ပြသည်။

အမေရိကန်သမ္မတဟောင်း ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကိုတွေ့ရစဉ် (GATTY IMAGES)

ကင်မ်က ဘက်ပေါင်းစုံ ပြောင်းလဲနိုင်သော အခြေအနေများတွင် ၂၀၂၃ ခုနှစ်အထိ သယ်ဆောင်သွားနိုင်သော ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မှု စွမ်းရည်ကို မြှင့်တင်ရေး စတုတ္တမြောက် ပင်မ ရည်မှန်းချက်သစ်ကိုလည်း ချမှတ် ခဲ့သည်ဟု ထိုသတင်းတွင် ဖော်ပြထားသော်လည်း အသေးစိတ်ကိုမူ ရှင်းပြထားခြင်း မရှိပေ။

ယခု ရည်မှန်းချက်သစ်များသည် နျူကလီးယား လက်နက်တိုက်ကို တိုးချဲ့ရေး၊ ဒုံးကျည်ထိပ်ဖူးမျိုးစုံ အသုံးပြု နိုင်သည့် ဒုံးကျည်များ၊ ထောက်လှမ်းရေး ဂြိုဟ်တုနှင့် ခေတ်ရှေ့ပြေး ဒရုန်းများကဲ့သို့ နည်းပညာမြင့် လက်နက်များ ရရှိရေး အစရှိသဖြင့် ကင်မ်ဂျုံအန်၏ ဆောင်ရွက်ချက်များနှင့် ဆက်စပ်မှုရှိနိုင်သည်ဟု လေ့လာသူများက သုံးသပ်သည်။

ကင်မ်ဂျုံအန် အနေဖြင့် နျူကလီးယား လက်နက်တိုက် တိုးချဲ့ခြင်းဖြင့် ၎င်း၏ရန်ဘက်များကို မြောက်ကိုရီးယား သည် တရားဝင် နျူကလီးယားပိုင်နိုင်ငံအဖြစ် အသိအမှတ် ပြုရေးအတွက် အသုံးချလိမ့်မည်ဟုလည်း ၎င်းတို့က သုံးသပ်သည်။

ထိုသို့ အသိအမှတ် ပြုခံရခြင်းသည် မြောက်ကိုရီးယားပေါ် ချမှတ်ထားသော နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှု များကို ဖယ်ရှားရေးအတွက် အရေးပါသော ကိစ္စရပ်လည်း ဖြစ်သည်။

Source: AP