CNI International News

ပတ်ရှ်ဝါ၊ ဒီဇင်ဘာ ၂၀

ပါကစ္စတန် အနောက်တောင်ပိုင်းရှိ အကြမ်းဖက်မှု တိုက်ဖျက်ရေးစင်တာ တစ်ခုတွင် ထိန်းသိမ်းထားသော တာလီဘန် အကျဉ်းသားများက အစောင့်များကို အလစ်တိုက်ခိုက်၍ လက်နက်များကိုရယူပြီး စင်တာကို ထိန်းချုပ် ထားသည်ဟု အရာရှိများက ပြောခဲ့ကြောင်း အေပီသတင်းမှာ ဖော်ပြထားသည်။

ထို့နောက် ဓားစာခံများကို ဖမ်းဆီးကြောင်း သိရသည်။ အဆိုပါ ဖြစ်ရပ်သည် ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။

ထိုအခင်းဖြစ်ပွားရာ စင်တာသည် ခီဘာ ပတ်ခ်တန်ခွ (Khyber Pakhtunkhwa) ပြည်နယ်၏ ခရိုင်တစ်ခု ဖြစ်သော ဘန်နူ (Bannu) တွင်ရှိသည်။ စီးနင်းမှုဖြစ်ရပ်အတွင်း အရာရှိတစ်ဦး သေဆုံးခဲ့သည်ဟု ပါကစ္စတန် အာဏာပိုင်များက ပြောသည်။

ထို့နောက် အခင်းဖြစ်ရာနေရာသို့ စစ်တပ်မှ တပ်ဖွဲ့များနှင့် အထူးတပ်ဖွဲ့ဝင်များ ချထားပြီးဖြစ်သော်လည်း ၁၂ နာရီ ကြာသည်အထိ တာလီဘန်အကျဉ်းသားများက ဓားစာခံများကို ဆက်လက် ဖမ်းဆီးထားဆဲ ဖြစ်သည်။

ပါကစ္စတန်တာလီဘန်များကိုတွေ့ရစဉ် (AFP)

ယခုဖြစ်ရပ်တွင် အနည်းဆုံး တာလီဘန် အယောက် ၃၀ ပါဝင်ပြီး ဓားစာခံအဖြစ် အဖမ်းခံရသူ ၁၀ ဦးအထိ ရှိနိုင် သည်ဟု အာဏာပိုင်များက ပြောသည်။

၎င်းက အာဖဂန်နှင့်နယ်စပ် တစ်လျှောက်ရှိ ဝေးလံသော ဒေသများတွင် ပါကစ္စတန်အစိုးရအနေဖြင့် ထိန်းချုပ် ထားနိုင်ခြင်း မရှိသည်ကိုလည်း ဖော်ပြနေသည်။ ပါကစ္စတန်တာလီဘန်များသည် သီးသန့်အဖွဲ့တစ်ခု ဖြစ်သော် လည်း ၎င်းတို့သည် အာဖဂန်တာလီဘန်များနှင့် မဟာမိတ်ဖြစ်သည်။

စင်တာရှိ ရဲတပ်ဖွဲ့ဝင်များက အကျဉ်းသားများကို စစ်ဆေးစဉ် ယခုကဲ့သို့ အကျဉ်းသားများ၏ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရခြင်းဟု ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ပြောသည်။

စင်တာကို ဝိုင်ထားကြောင်း တာဝန်ရှိသူများက ဓားစာခံများကို ပြန်လွှတ်ပေးရေး တာလီဘန်များနှင့် ညှိနှိုင်းနေ ကြောင်း၊ ဓားစာခံများကို ကယ်တင်ရန် စစ်ဆင်ရေးတစ်ခု စတင်နေပြီ ဖြစ်ကြောင်း၊ သို့သော် အသေး စိတ်ကိုတော့ မပြောခဲ့ပေ။

ပါကစ္စတန်တာလီဘန်များက စင်တာကိုထိန်းချုပ်ထားတဲ့ မြေပုံအညွန်း(AP)

တာလီဘန်များနှင့် ညှိနှိုင်းရန် ၎င်းတို့၏ ဆွေမျိုးများ အကူအညီကို ရယူထားကြောင်း လုံခြုံရေးအရာရှိများက ပြောသော်လည်း အသေးစိတ်ကို မသိရသေးပေ။ ဖမ်းဆီးခံထားရသော ဓားစာခံများတွင် စစ်သားများပါ ပါဝင် နေပြီး ညှိနှိုင်းမှု မအောင်မြင်ခဲ့လျှင် စစ်တပ်က အဆိုပါစင်တာကို ဝင်စီးမည်ကိုလည်း စိုးရိမ်မှုများ ရှိနေသည်။

တာလီဘန်များက ၎င်းတို့ ထွက်ခွာမည့် လမ်းကြောင်းကို မစီစဉ်ပေးလျှင် ဓားစာခံများအား သတ်ပစ်မည်ဟု ခြိမ်း ခြောက်နေသည်ကိုလည်း လူမှုကွန်ယက်ပေါ် ထွက်ပေါ်လာသည့် ဗွီဒီယိုဖိုင်တစ်ခုတွင် တွေ့ရသည်။

ယခုဖြစ်ရပ်တွင် ပါဝင်နေသူများမှာ ဘန်နူတွင် နှစ်ချီထိန်းသိမ်းခံထားရသည့် TTP တပ်ဖွဲ့ဝင်များဖြစ်သည်ဟု ပါကစ္စတန်တာလီဘန်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

ထိုအဖွဲ့က ဝါဇီရစ္စတန် (Waziristan) မြောက်ပိုင်း သို့မဟုတ် တောင်ပိုင်းသို့ ဘေးကင်းစွာ ထွက်ခွာနိုင်ရေး တောင်းဆို ထားသည်ဟုလည်း ၎င်းက ပြောသည်။

ဝါဇီရစ္စတန်သည် ပါကစ္စတန်တာလီဘန်များ အားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် နှစ်များတွင် ထိုဒေသ၌ ပါကစ္စတန်စစ်တပ်က ထိုးစစ်ဆင်မှုများ လုပ်ဆောင်ခဲ့သည်။ ထိုးစစ်များကြောင့် TTP ခေါင်းဆောင်များနှင့် အဖွဲ့ဝင် များသည် အိမ်နီးချင်း အာဖဂန်နစ္စတန်ဘက်သို့ ထွက်ပြေးခဲ့ရသည်။

Source: AP