CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၆

လက်ရှိ နွေဦးတော်လှန်ရေးတွင် ပါဝင်တိုက်ပွဲဆင်နွှဲနေကြသည့် လူငယ်အများစုမှာ လူကြီးများ မြှောက်ပေး၍ တိုက်ပွဲဝင်ခြင်း မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ့တပ်မ‌တော်၏ မတရားမှုမှာ အလွန်ပြင်းထန်လွန်၍ လူငယ်များ တားမရ၊ ဆီးမရ လက်နက်ဆွဲကိုင်ခဲ့ကြ ကြောင်း ၎င်းက ပြောသည်။

ဦးသန်းစိုးနိုင်က “လူကြီးတွေ လုပ်လို့ ဖြစ်တဲ့ စစ်ပွဲမဟုတ်ပါဘူး။ လူကြီးတွေက အခုပြည်တွင်းစစ် နှစ် ၇၀ ကျော် ဖြတ်သန်းလာရတဲ့ အခြေအနေကို လူကြီးတွေလည်း စိတ်ပျက်နေပါပြီ။ အဲဒီအထဲမှာ အင်အားကြီးတဲ့ အဖွဲ့အစည်း တချို့လည်း ပါတာပေါ့ဗျာ၊ ဒါပေမဲ့ အခုက စစ်ကောင်စီရဲ့ မတရားမှုနဲ့ ဖိနှိပ်မှုတွေ အရမ်းပြင်းထန်၊ ကဲသန်လွန်းလို့ လူငယ်တွေ က တားမရ၊ ဆီးမရ လက်နက်ဆွဲကိုင်ဖို့ ဆုံးဖြတ်ကြတာပါ၊ ဒီဖြစ်လာတဲ့ အခြေအနေဟာ လူအိုတွေက မြှောက် ပေးလို့ လူငယ်တွေ ထပြီး လုပ်ကြတာဟာ ဒီစစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ကာကွယ်လိုတဲ့ အချောင်သမား အင်အားစု တစ်သိုက်ရဲ့ ပြောသံဆိုသံပဲ ဖြစ်ပါတယ်၊ တကယ့်ဘဝတွေ မဟုတ်ပါဘူး။ တကယ့် ဘဝတွေကတော့ အခုကတော့ လူကြီးလူငယ် ညီညွတ်တယ်ဗျ၊ အခုက လှုပ်ရှားမှုတွေထဲမှာ တိုက်ပွဲထဲမှာ ပါဝင်ဖို့ကို မိဘတွေက ခွင့်ပြုတယ်၊ လူငယ်တွေကလည်း မိဘတွေကို ခွင့်တောင်းပြီးမှ တိုက်ပွဲထဲမှာ ပါဝင်ကြတာ၊ အဲဒီလို ပါဝင်ဖို့ ဆုံးဖြတ်တာဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေဟာ ဂျပန်ဖက်ဆစ်စနစ်ထက် ဆိုးဝါးတဲ့ အခြေအနေ ရောက်ရှိ လာတဲ့အခါမှာ မခံမရပ်နိုင်ဘဲ လုပ်ကြတာ အခုက လူကြီးလူငယ် ပေါင်းစပ်ပြီးတော့ အခုကတော့ တိုက်ပွဲဝင်ကြတဲ့ အခြေအနေဖြစ်တယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်” ဟု ပြောသည်။

လုံခြုံရေးတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက်နေစဉ် (STR – GETTY IMAGES)

လူငယ်ကြောင့် ဖြစ်ရသည့် စစ်ပွဲတစ်ပွဲမျှ မရှိဘဲ၊ လူငယ်များ အသေခံနေရကြောင်း လူမှုကွန်ယက် စာမျက်နှာ များတွင် ရေးသားဖြန့်ဝေမှုများ ရှိနေသည်။ အလားတူ လူငယ်များကြားမှာလည်း မြန်မာနိုင်ငံတွင် ဖြစ်ပွားနေ သော စစ်ပွဲများသည် လူငယ်များကြောင့် မဟုတ်ကြောင်း ပြောဆိုနေကြသည်။

မြန်မာနိုင်ငံတွင် စစ်ပွဲများ ဖြစ်ပွားရခြင်းမှာ စစ်အာဏာရှင် စနစ်ကြောင့်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး (ABSDF)မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်အေးလွင်က CNI သတင်းဌာနသို့ ပြောသည်။

လူငယ်များ စစ်သင်တန်းတက်နေစဉ်  (SOPA- GETTY IMAGES)

၎င်းက “စစ်ပွဲတွေ ဖြစ်တာကြ‌တော့ စစ်အာဏာရှင် စနစ်ကြောင့်ပဲလေ၊ ဟိုလူ့ကြောင့်၊ ဒီလူ့ကြောင့် မဟုတ်ဘူး၊ စစ်အာဏာရှင် စနစ်ကြောင့်ပဲ၊ စစ်အာဏာ မသိမ်းဘူးဆိုရင်တော့ ဒီစစ်ပွဲတွေက ဒီလောက်အထိ ပြင်းပြင်း ထန်ထန် ဖြစ်လာစရာ မရှိဘူးလေ၊ တိုင်းပြည်မှာ စစ်အာဏာ မသိမ်းခဲ့ဘူး။ အရပ်သားတစ်ပိုင်း အစိုးရရော၊ အရပ်သားအစိုးရရော ဖြတ်သန်းခဲ့တဲ့ အချိန်မှာ ကျနော်တို့ ရှိနေတဲ့ အနေအထားနဲ့ အခုစစ်အာဏာ သိမ်းပြီး နောက်ပိုင်းမှာ မြန်မာပြည်မှာ ကြီးထွားလာတဲ့ စစ်မက်ဖြစ်ပွားမှု အခြေအနေက စစ်အာဏာရှင်စနစ်ကြောင့်ပဲ ဟိုလူ့ကြောင့်၊ ဒီလူ့ကြောင့် မဟုတ်ပါဘူး” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာ့တပ်မတော်မှ နိုင်ငံတော်အာဏာကို အရပ်သားအစိုးရထံမှ ရယူပြီး နောက်ပိုင်း ဆန့်ကျင် ဆန္ဒပြမှုနှင့်အတူ လူငယ်များ၊ ကျောင်းသားများ လက်နက်ဆွဲကိုင်၍ နွေဦးတော်လှန်ရေးတွင် ပါဝင်ဆင်နွှဲလျက်ရှိသည်။