တိုက်ပွဲဖြစ်ရခြင်း အကြောင်းမှာ မန္တလေးမြို့၊ ထွန်တုံးရပ်ကွက်၊ ၅၄ လမ်း၊ ၁၁၁-၁၁၂ ရှိ MDY- PDF ရုံးကို စစ် တပ်က ဝင်ရောက် စီးနင်းရာမှ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြကြောင်း ဒေသခံများက ပြောသည်။ MDY-PDF ၏ မြို့ပြပျောက်ကျားတာဝန်ခံ ဗိုလ်ထွန်းတောက်နိုင်က “ ကျနော်တို့ စောင့်နေတဲ့ ရက်ရောက်ပြီ၊ မန္တလေး PDF ဒီနေ့(ဇွန်လ ၂၂ ရက်) စတင် တိုက်ပါပြီ၊ မန္တလေးပြည်သူတွေ ပါဝင်ပေးကြပါ၊ လမ်းတွေပိတ်ပေး ကြပါ”ဟု MDY-PDF စာမျက်နှာမှာ ပြောထားသည်။ အဆိုပါ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုတွင် နှစ်ဖက် ထိခိုက် ဒဏ်ရာ ရရှိမှုများ ရှိသော်လည်း အသေးစိတ် အတည်အကျကို မပြောနိုင်သေး ကြောင်း MDY-PDF က ပြောသည်။ လက်ရှိတွင် စစ်တပ်သည် မန္တလေးမြို့ရိုး ကျူံးအတွင်းမှ သံဂျပ်ကာကားများဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာသို့ သွားရောက်ကာ လုံခြုံရေးဆောင်ရွက်နေကြောင်း ဆိုသည်။ PDF တပ်ဖွဲ့ဝင်များသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်တွင် ရှိကြသည်။