CNI International News

ဘာလင်၊ အောက်တိုဘာ ၂၉

အနာဂတ်ကာလတွင် သုံးစွဲရန် ရည်ရွယ်သည့် စွမ်းရည်မြင့် လေဆာ (HEL) လက်နက်ကို ဘောလ်တစ်ပင်လယ် ပြင်၌ ဂျာမန်ရေတပ်၏ လေကြောင်းရန်ကာကွယ်ရေး ဖရီးဂိတ်သင်္ဘောမှနေ၍ ပထမဆုံး ပစ်ခတ်စမ်းသပ်ခဲ့ ကြောင်း ရိုင်မတ်တော (Rheinmetall) နည်းပညာကုမ္ပဏီ၏ အောက်တိုဘာ ၂၈ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ဆက်ဆန်ကလပ်စ် ဖရီးဂိတ်သင်္ဘော (Sachsen-class frigate) သည် ဒရုန်းများစွာနှင့် အောင်မြင်စွာ ချိတ်ဆက် ပစ်ခတ်နိုင်ခဲ့ရာ တိုတောင်းသော အကွာအဝေးရှိ ပစ်မှတ်များကို တိကျစွာ ထိမှန်နိုင်စွမ်းရှိကြောင်း သက်သေပြ ခဲ့သည်။

HEL (လေဆာ)လျှပ်စစ် အလင်းအာရုံ ကိရိယာများနှင့် ရေဒါစွမ်းရည်များကို တိုက်ရိုက် ပစ်ခတ်စမ်းသပ်ခြင်းဖြင့် အတည်ပြုနိုင်ခဲ့ကြောင်း ဂျာမန်ဒုံးကျည် ထုတ်လုပ်ရေး MBDA ကုမ္ပဏီနှင့် ပူးပေါင်းတီထွင်ခဲ့သည့် ရိုင်မက်တော နည်းပညာကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ဂျာမန်ရေတပ်သည် ပစ်မှတ်ချိန်ရွယ်မှုနှင့် ထိမှန်မှုတို့မှနေ၍ အဆိုပါလက်နက်၏ အစိတ်အပိုင်း အားလုံးနှင့် လုပ်ဆောင်ပုံ အဆင့်ဆင့်တို့၏ အပြန်အလှန် အကျိုးသက်ရောက်မှုကို အကဲဖြတ်နိုင်ခဲ့သည်။

လေဆာလက်နက်တစ်မျိုးကိုတွေ့ရစဉ်

အဆိုပါ လက်နက်စမ်းသပ်မှုကို ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းအထိ ဆက်လက် လုပ်ဆောင်မည်ဖြစ်ပြီး HEL လေဆာ လက်နက် စွမ်းဆောင်ရည်များကို စိန်ခေါ်မြှင့်တင်သွားမည်ဟု သိရသည်။

စမ်းသပ်မှုမှ ထွက်ပေါ်လာသော ရလဒ်များကို အခြေခံ၍ HEL လေဆာလက်နက်ကို လက်တွေ့ အပြည့်အဝ အသုံးချနိုင်ရန် အထောက်အကူပြု သွားမည်ဖြစ်ကြောင်း ရိုင်မက်တော နည်းပညာကုမ္ပဏီက ဆက်လက် ပြောကြားခဲ့သည်။

“လက်ရှိ စမ်းသပ်ပြီးသမျှ အခြေအနေကို ယခုအခါ ဂျာမန်စစ်တပ်တွင် လေဆာလက်နက်စနစ်နှင့် စွမ်းရည်များ အတွက် မိတ်ဆက်ဖို့ အခြေခံအဆင့် သတ်မှတ်ပြီး ဖြစ်ကြောင်း၊ ယင်းလက်နက်သည် ရေတပ်နှင့်လည်း သက်ဆိုင် ပြီး အကန့်အသတ်မရှိဘဲ သုံးစွဲနိုင်မည့် စွမ်းရည်များ ရှိကြကြောင်း” ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ရေးသားထား သည်။

ဂျာမန်ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းသည် အသုံးချ ပရိုဂရမ်များစွာဖြင့် စစ်မြေပြင် အထောက်အကူပြု လေဆာစနစ်များကို ရှေ့တိုးဆောင်ရွက်လျက်ရှိသည်။

ယခုအခါ အနောက်အုပ်စု နိုင်ငံအသီးသီး၏ စစ်တပ်များသည် ဒရုန်းတိုက်ခိုက်မှုများကို ခုခံကာကွယ်နိုင်အောင် အပြိုင်အဆိုင် တီထွင်နေကြပြီး အနာဂတ်စစ်ရေးပဋိပက္ခ၌ ဒရုန်းများက စစ်မြေပြင်ကို စိုးမိုးလာမည်ဟု အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ရှုမြင်ထားသည်။

Source: အာရ်တီသတင်းဌာန