- By CNI
- Category: နိုင်ငံရေး
- Hits: 1021
CNI International News
အစ္စလာမ္မာဘတ်၊ နိုဝင်ဘာ ၂၅
ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ရှရစ်ဖ်သည် ထောက်လှမ်းရေး အကြီးအကဲဟောင်း အေဇင်မူနီယာကို စစ်ဦးစီး ချုပ်အဖြစ် အသစ်ခန့်အပ်လိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးက နိုဝင်ဘာ ၂၄ ရက်တွင် ကြေညာခဲ့သည်ဟု အေပီသတင်း တစ်ပုဒ် တွင် တွေ့ရသည်။
ထိုသို့ ခန့်အပ်လိုက်ခြင်းကြောင့် စစ်ဦးစီးချုပ်အသစ် မည်သူမည်ဝါ ဖြစ်လာမလဲဟု လနှင့်ချီ၍ သို့လော သို့လော ထင်ကြေးပေးနေမှုများလည်း အဆုံးသတ်သွားခဲ့သည်။
စစ်တပ်သည် ပါကစ္စတန်နိုင်ငံတွင် သမိုင်းကြောင်းအရ ကြီးမားသော ဩဇာကို ကိုင်စွဲထားခဲ့ပြီး တိုင်းပြည်ကို ၇၅ နှစ်တာအထိ အုပ်ချုပ်ခဲ့သည်။ ထို့အပြင် နျူကလီးယား အစီအစဉ်ကိုလည်း စစ်တပ်က အနီးကပ် ကြီးကြပ်ခဲ့သည်။
အိမ်နီးချင်း တရုတ်၊ အိန္ဒိယတို့နှင့်အလားတူ ပါကစ္စတန်သည်လည်း နျူလက်နက်နှင့်ဒုံးကျည်စနစ်တို့ ပိုင်ဆိုင်ထား သည်။ ထိုပိုင်ဆိုင်မှု၏ ဦးတည်ချက်မှာ အဓိကအားဖြင့် အိန္ဒိယကို တန်ပြန်ရန် ဖြစ်သည်။
ကြယ်လေးပွင့်တပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခံရသူ အေဇင်မူနီယာ (Asim Munir) သည် ကနဦးက အငြိမ်းယူရန် ရည်ရွယ်ထားသော်လည်း နိုဝင်ဘာ ၂၉ ရက်တွင် ၆ နှစ် ရာထူးသက်တမ်း ကုန်ဆုံးမည့် စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ကွာမာဂျာဗက်ဘာဂျဝါနေရာတွင် အစားထိုး တာဝန် ထမ်းဆောင် ရတော့မည် ဖြစ်သည်။

အေဇင်မူနီယာနဲ့ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ရှရစ်ဖ်ကို တွေ့ရစဉ် (Shahbaz Sharif)
မူနီယာသည် လက်ရှိဝန်ကြီးချုပ် ရှရစ်ဇ်နှင့် ယခင်ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းတို့အကြား အငြင်းပွားနေစဉ် ၎င်း၏စစ်ဦးစီးချုပ် ရာထူးအသစ်ကို စတင်ထမ်းဆောင်ရမည်လည်း ဖြစ်သည်။ ဘာဂျဝါကို ၎င်းအား ဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားရာတွင် ပါဝင်ပတ်သက်သည်ဟု အီမရန်ခမ်းက အများသိအောင် စွပ်စွဲခဲ့သော်လည်း ဘာဂျဝါက ထိုစွပ်စွဲကို ငြင်းဆိုထားသည်။
ခရစ်ကတ် အားကစား အကျော်အမော်ဟောင်း တစ်ဦးဖြစ်ခဲ့သည့် အီမရန်ခမ်းသည် နောက်ပိုင်းတွင် အစ္စလာမ္မစ် နိုင်ငံရေးသမားတစ်ဦး ဘဝသို့ အသွင်ပြောင်းလဲခဲ့ပြီး ပြီးခဲ့သည့် ဧပြီလ၌ လွှတ်တော်အတွင်း အယုံအကြည် မရှိ အဆိုတင်သွင်းခြင်း ခံရပြီး ဝန်ကြီးချုပ်ရာထူးမှ ဖြုတ်ချခံခဲ့ရသည်။
သူသည် ယခုအခါ အတိုက်အခံ နိုင်ငံရေးသမားဘဝဖြင့် ရှေ့ဆက်လှမ်းပြီး ရွေးကောက်ပွဲများ အဆောတလျင် ကျင်းပပေးရန် တောင်းဆိုနေခဲ့သည်။
၎င်း၏ရာထူးမှ နုတ်ထွက်ရခြင်းသည် တရားမဝင်ကြောင်းနှင့် အမေရိကန်အစိုးရ၏ အကူအညီဖြင့် ပါကစ္စတန် နိုင်ငံရေးကို ရှရစ်ဖ်က ကြိုးကိုင်ထားသည်ဟု အီမရန်ခမ်းက စွပ်စွဲခဲ့သည်။
ရှရစ်ဖ်အစိုးရနှင့် အမေရိကန်တို့ကတော့ အီမခရန်ခမ်း၏ စွပ်စွဲချက်များကို ပယ်ချခဲ့ပြီး လက်ရှိအစိုးရအနေဖြင့် လာမည့် ရွေးကောက်ပွဲများကို ၂၀၂၃ ခုနှစ်တွင် ကျင်းပပေးသွားမည်ဟု ကတိပြုထားသည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1453
CNI International News
ဘန်ကောက်၊ နိုဝင်ဘာ ၂၄
ထိုင်းနိုင်ငံတွင် အသစ်ဖွဲ့စည်းထားသော ထိုင်းအမျိုးသားပေါင်းစည်းရေးပါတီ (UTN) (သို့မဟုတ်) ရူအမ်ထိုင်း ဆောင်ချက် (Ruam Thai Sang Chart) တွင် မိမိပါဝင်ရန် စဉ်းစားနေကြောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်က ရေးသားဖော်ပြသည်။
ပါတီအပြောင်းအရွှေ့ပြုလုပ်ခြင်းနှင့်ပတ်သက်၍ ကောလာဟလများ အလွန်အမင်း လွှမ်းမိုးခဲ့သဖြင့် ပရာယွတ်က နိုဝင်ဘာ ၂၃ ရက်တွင် အဆိုပါကိစ္စအတွက် ပထမဆုံးအကြိမ် ဖွင့်ဟခဲ့ခြင်းဖြစ်သည်။
ပါတီဝင်အဖြစ် လျှောက်ထားခြင်းရှိ/မရှိ သတင်းထောက်များက ဆက်လက်မေးမြန်းရာ ဗိုလ်ချုပ်ကြီး ပရာယွတ်က “ကျနော် စဉ်းစားနေတုန်းပါ” ဟု ဖြေကြားခဲ့သည်။
ထို့နောက် ၎င်း၏အနာဂတ်နိုင်ငံရေးခြေလှမ်းနှင့်ပတ်သက်၍ တစုံတရာဖြေကြားပေးရန် တောင်းဆိုသည့်အခါ ၎င်းက သဘောထားမှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့သည်။
“နောက်နှစ်မှာ ဒါက ရှင်းသွားပါလိမ့်မယ်” ဟုသာ ပြောကြားခဲ့သည်။
ယခင်က ဒီမိုကရက်တစ်အမတ်တစ်ဦးဖြစ်ခဲ့ပြီး ဝန်ကြီးချုပ်၏အကြံပေးဟောင်းလည်း ဖြစ်ခဲ့သူ လက်ရှိ UTN ခေါင်းဆောင် ပီရာပန်ဆလီရာသာဗီဘာဂါ (Pirapan Salirathavibhaga) က “မိမိတို့ပါတီဝင်အဖြစ် ပရာယွတ် လာရောက်လျှောက်ထားခြင်းမရှိကြောင်း” ငြင်းဆန်ခဲ့သည်။
လက်ရှိ အာဏာရ ပါလန်ပရာချာရတ်ပါတီ (PPRP) ပါတီမှ ဗိုလ်ချုပ်ကြီး ပရာယွတ် နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့လျှင် ၎င်းကို UTN ပါတီကတော့ ကြိုဆိုသွားမည်ဟု မစ္စတာ ပီရာပန်က ပြောကြားခဲ့သည်။
လာမည့်နှစ် ရွေးကောက်ပွဲပြီးသည့်အခါ ဗိုလ်ချုပ်ကြီး ပရာယွတ် ဝန်ကြီးချုပ်အဖြစ် ပြန်လည်အာဏာရလာပါက ထောက်ခံအားပေးရန်အတွက် UTN ပါတီကို ယမန်နှစ် မတ်လတွင် တည်ထောင်ခဲ့သည်။
ဗိုလ်ချုပ်ကြီး ပရာယွတ်သည် နိုဝင်ဘာ ၂၀ ရက်၌ ဘန်ကောက်မြို့ရှိ အမှတ် ၁ ခြေလျင်တပ်ရင်းဝင်းအတွင်းရှိ ပြည်နယ် ၅ ခု သစ်တောထိန်းသိမ်းရေးဖောင်ဒေးရှင်းရုံးတွင် PPRP ပါတီ၏ခေါင်းဆောင် ဒုတိယဝန်ကြီးချုပ် ပရာဝစ်ဝေါင်ဆူဝမ်နှင့် တွေ့ဆုံပြီးနောက် ၎င်းအနေဖြင့် UTN ပါတီသို့ ပြောင်းရွှေ့နိုင်ခြေ ထင်ကြေးများ တိုးလာခဲ့သည်။
လာမည့် အထွေထွေရွေးကောက်ပွဲမတိုင်မီ ဗိုလ်ချုပ်ကြီး ပရာယွတ်သည် ပါတီအပြောင်းအရွှေ့လုပ်ရန် ၎င်း၏ အစီအစဉ်ကို ဗိုလ်ချုပ်ကြီး ပရာဝစ်ထံသို့ အသိပေးခဲ့ကြောင်း ယုံကြည်ရသည်ဟု ဘန်ကောက်ပို့စ်က ဆက်လက် ရေးသားသည်။
Source: Bangkok Post
- By CNI
- Category: နိုင်ငံရေး
- Hits: 1321
CNI International News
အစ္စလာမ္မာဘတ်၊ နိုဝင်ဘာ ၂၄
ပါကစ္စတန်နိုင်ငံတွင် အနားယူသွားပြီဖြစ်သည့် စစ်ဗိုလ်ချုပ်ကြီး ကွာမာဂျာဗက်ဘာဂျဝါ (Qamar Javed Bajwa) က “စစ်တပ်သည် နိုင်ငံရေးတွင် တရားမဝင် ဝင်ရောက်စွက်ဖက်နေသည်မှာ ဆယ်စုနှစ်များစွာ ရှိပြီဖြစ်ကြောင်း၊ နောက်ပိုင်း ယင်းကဲ့သို့ ဆက်လက် စွက်ဖက်တော့မည် မဟုတ်ကြောင်း” ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယား သတင်းတစ်ပုဒ်တွင် တွေ့ရသည်။
ပါကစ္စတန်၏ စစ်တပ်အကြီးအကဲအဖြစ် နိုဝင်ဘာ ၂၃ ရက်၌ ၎င်းနောက်ဆုံး ပြောကြားခဲ့သော မိန့်ခွန်းတွင် ဗိုလ်ချုပ်ကြီး ဘာဂျဝါက စစ်တပ်ကို တိုင်းပြည်၏ အာဏာအရှိဆုံး အဖွဲ့အစည်းအဖြစ် ကာကွယ် ပြောကြား သွားခဲ့သည်။
အထူးသဖြင့် ပြီးခဲ့သည့် ဧပြီလ၌ ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းကို ရာထူးမှ ဖယ်ရှားမှုတွင် စစ်တပ်က ပါဝင် ပတ်သက်သည်ဟု စွပ်စွဲချက်များလည်း ရှိခဲ့သည်။

အီမရန်ခမ်းနဲ့ ဗိုလ်ချုပ်ကြီး ကွာမာဂျာဗက်ဘာဂျဝါကို တွေ့ရစဉ် (GETTY IMAGES)
နိုင်ငံ၏အရှေ့ပိုင်း ရာဝါပင်ဒီမြို့ရှိ စစ်ဌာနချုပ်တွင် ကျင်းပသည့် အခမ်းအနားတစ်ခုတွင် အသက် ၆၂ နှစ်အရွယ် ဗိုလ်ချုပ်ကြီး ဘာဂျဝါက “အိမ်နီးချင်း အိန္ဒိယနိုင်ငံရှိ စစ်တပ်ကို ပြည်သူများ အပြစ်တင် ဝေဖန်ခြင်း မရှိသည်မှာ လွန်စွာ အံ့ဩစရာကောင်းကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
“ဒီအပေါ်မှာ ကျနော့်အမြင်ကို ပြောရရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီဘဲနဲ့ လွန်ခဲ့တဲ့ အနှစ် ၇၀ လောက်ကတည်းက ကျနော်တို့စစ်တပ်က နိုင်ငံရေးမှာ ဆက်တိုက် ဝင်ရောက်စွက်ဖက် နေတာကြောင့်ပဲဗျ။ အဲဒါကြောင့် မနှစ်က ဖေဖော်ဝါရီလကတည်းက စစ်တပ်ကို နိုင်ငံရေးဘက် ဆက်ပြီးတော့ မစွက်ဖက်စေဖို့ ကျနော် ဆုံးဖြတ်ခဲ့ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ပါကစ္စတန် စစ်တပ်အနေဖြင့် မိမိတို့၏ ခံစားချက်ကို စတင်ဖွင့်ဟလိုက်ပြီ ဖြစ်ကြောင်း၊ မိမိတို့အပြုအမူကို နိုင်ငံရေးပါတီများကလည်း ဆင်ခြင်သုံးသပ်နိုင်မည်ဟု မျှော်လင့်ကြောင်း ဗိုလ်ချုပ်ကြီးက ထပ်လောင်း ပြောကြား ခဲ့သည်။
“အဖြစ်မှန်က ဒီလိုဗျ။ ပါကစ္စတန်မှာ အဖွဲ့အစည်း အသွင်သဏ္ဌာန်(အင်စတီကျူးရှင်း)တွေ၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ အားလုံးက အလွဲတွေ လုပ်မိခဲ့ကြတာပဲ။ ဒါတွေကို သူတို့အနေနဲ့ သင်ခန်းစာယူပြီး ရှေ့ဆက်သွားဖို့ အချိန်တန်ပါပြီ” ဟု ၎င်းက တိုက်တွန်းခဲ့သည်။

လက်ရှိ ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘတ်ရှရစ်ဖ်ကိုတွေ့စဉ် (GETTY IMAGES)
ဗိုလ်ချုပ်ကြီး ဘာဂျဝါသည် ပါကစ္စတန်၏ မျက်မှောက်ကာလ မရေမရာဖြစ်နေသော စီးပွားရေး အခြေအနေကို မီးမောင်းထိုးပြခဲ့ပြီး သက်ဆိုင်သူ အားလုံးအနေဖြင့် ၎င်းတို့၏ ကိုယ်စီအတ္တများကို ဘေးဖယ်ထားကြဖို့၊ လက်တွဲ လုပ်ဆောင်ရင်းဖြင့် အောင်ပွဲများနှင့် ရှုံးနိမ့်မှုများကို လက်ခံ၍ သင်ခန်းစာယူကြဖို့ တောင်းဆိုသွားခဲ့သည်။
ပါကစ္စတန် စစ်တပ်သည် အင်အား ၆ သိန်းရှိပြီး နျူကလီးယားလက်နက် ပိုင်ဆိုင်ထားသည်။ ဗိုလ်ချုပ်ကြီး ဘာဂျဝါသည် ပါကစ္စတန် စစ်တပ်တွင် ၂၀၁၆ ခုနှစ်မှစ၍ စစ်ဦးစီးချုပ် တာဝန်ယူခဲ့သည်။
၎င်း၏ရာထူး သက်တမ်းကို ဝန်ကြီးချုပ် အီမရန်ခမ်းက ၂၀၁၉ ခုနှစ်၊ ဩဂုတ်လမှစ၍ ၃ နှစ် သက်တမ်းတိုးပေးခဲ့ပြီး ယခုနှစ် နိုဝင်ဘာ ၂၂ ရက်တွင် ရာထူးမှ အနားယူပြီ ဖြစ်သည်။
စစ်ဦးစီးချုပ်နေရာ ဆက်ခံမည့်သူကို လာမည့်ရက်ပိုင်းအတွင်း လက်ရှိဝန်ကြီးချုပ် ရှာဘတ်ရှရစ်ဖ် (Shahbaz Sharif) က ကြေညာနိုင်ဖွယ်ရှိကြောင်း အယ်လ်ဂျာဇီးယားက ဆက်လက်ရေးသားထားသည်။
Source: Aljazeera
- By CNI
- Category: နိုင်ငံရေး
- Hits: 1345
CNI International News
ပြုံယမ်း၊ နိုဝင်ဘာ ၂၄
တောင်ကိုရီးယားသမ္မတသစ်နှင့် အစိုးရသည် အရူးများ ဖြစ်ကြကြောင်း၊ အမေရိကန်ပေးသော အရိုးကို ပြေးကိုက်သော ခွေးနှင့်တူကြောင်း ကင်မ်ယိုဂျောင်က ပြောဆိုခဲ့သည်ဟု အေပီက ရေးသားဖော်ပြထားသည်။
မြောက်ကိုရီးယား၏ခေါင်းဆောင် ကင်မ်ဂျုံအန်း၏ ဩဇာကြီးမားလှသော ညီမဖြစ်သူ ကင်မ်ယိုဂျောင်က ၎င်းတို့ နိုင်ငံအပေါ် တဖက်သတ် ပိတ်ဆို့အရေးယူရန် စဉ်းစားနေသည့် သတင်းများထွက်ပေါ်လာ၍ နိုဝင်ဘာ ၂၄ ရက် (ယနေ့)တွင် တောင်ကိုရီးယားကို စော်ကားပြောဆို၍ ခြိမ်းခြောက်ခဲ့ကြောင်း အေပီက ဆက်လက် ရေးသားဖော်ပြသည်။
မကြာသေးမီက ဒုံးကျည်စမ်းသပ်မှုများကြောင့် မြောက်ကိုရီးယားအပေါ် နောက်ထပ် တဖက်သတ် ပိတ်ဆို့အရေး ယူမှုများ ချမှတ်ရန် စဉ်းစားသုံးသပ်နေကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့ပြီးနောက် ၂ ရက်အကြာမှာ ကင်မ်ယိုဂျောင်၏ အထက်ပါ ပြောကြားချက် ထွက်ပေါ်လာခဲ့သည်။
မြောက်ကိုရီးယား၏ လက်နက် အစီအစဉ်အတွက် အဓိကဝင်ငွေ တစ်ရပ်ဖြစ်သော ဆိုက်ဘာတိုက်ခိုက်မှုများ အပေါ် ပိတ်ဆို့ အရေးယူမှုများကိုလည်း ထည့်သွင်းစဉ်းစားမည်ဟု တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

တောင်ကိုရီးယား သမ္မတ ယွန်ဆော့ရွဲနဲ့ အမေရိကန်သမ္မတ ဘိုင်ဒန်ကိုတွေ့ရစဉ်(GETTY IMAGES)
“တောင်ကိုရီးယားအုပ်စု ဘာတွေ ဒဏ်ခတ် အရေးယူမှာလဲဆိုတာ ကျမ တွေးကြည့်ပါတယ်။ သူတို့ဟာ မြောက်ကိုရီးယား မထီမြင်မဲ့မြင် ပြုပြီးတော့ အမေရိကန် ပေးတဲ့အရိုးကို ကိုက်နေတဲ့ ခွေးတစ်ကောင် အဆင့်ထက် မပိုပါဘူး။ ကျမတို့က တောင်ကိုရီးယာကို ပစ်မှတ်မထားခဲ့ပါဘူး” ဟု ကင်မ်ယိုဂျောင်၏ ပြောကြားချက်ကို မြောက်ကိုရီးယားအစိုးရ မီဒီယာက ထုတ်လွှင့်ခဲ့သည်။
မြောက်ကိုရီးယားနှင့် ပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းခဲ့သည့် တောင်ကိုရီးယား သမ္မတဟောင်း မွန်ဂျေအင်း နောက်ပိုင်း ယခုအခါ သမ္မတသစ် ယွန်ဆော့ရွဲကို ပြုံယမ်းအစိုးရက ဆန့်ကျင်မှုများ ပိုမိုပြင်းထန်လာခဲ့သည်။
“အမေရိကန်နဲ့ သူ့ရဲ့လက်ကိုင်တုတ်ဖြစ်တဲ့ တောင်ကိုရီးယားဟာ မြောက်ကိုရီးယားကို ပိတ်ဆို့အရေးယူဖို့ ဖိအား ပေးနေပါတယ်။ အဲဒီလို မိုက်မဲတဲ့လူတွေကို အခုနောက်ထပ် သတိပေးလိုက်ပါတယ်။ သူတို့လုပ်ရပ်ဟာ ရန်ငြိုးနဲ့ ဒေါသတွေကို မီးလောင်ရာလေပင့် ဖြစ်ပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို ကြိုးကွင်းစွပ်ရာ ရောက်ပါလိမ့်မယ်” ဟု ၎င်းက ကြိမ်းမောင်းခဲ့သည်။
ကင်မ်ယိုဂျောင်၏ တရားဝင်ရာထူးမှာ မြောက်ကိုရီးယားအာဏာရ အလုပ်သမားပါတီ၏ ဗဟိုကော်မတီ၊ ဒုတိယညွှန်ကြားရေးမှူးဖြစ်သည်။
Source: AP
- By CNI
- Category: နိုင်ငံရေး
- Hits: 1150
CNI International News
မနီလာ၊ နိုဝင်ဘာ ၂၃
တောင်တရုတ်ပင်လယ်၌ ခြိမ်းခြောက် အကျပ်ကိုင်မှုများကို ရင်ဆိုင်ရာတွင် ဖိလစ်ပိုင်ဘက်မှ အမေရိကန် ရပ်တည်သွားမည်ဖြစ်ကြောင်း အမေရိကန်ဒုတိယသမ္မတ ကာမယ်လာဟားရစ်က ရေပိုင်နက် အငြင်းပွားနေသည့် အစွန်းအဖျားပိုင်းရှိ ပါလာဝမ် (Palawan) ကျွန်းသို့ အလည်အပတ်ရောက်ရှိစဉ် ပြောကြားခဲ့သည်။
ပူဝါတိုပရင့်စ်ဆာ ပင်လယ်အော်တွင် ဆိုက်ကပ်ထားသော ဖိလစ်ပိုင်ကမ်းခြေစောင့် သင်္ဘောတစ်စီးပေါ်တွင် နိုဝင်ဘာ ၂၂ ရက်၌ ဟားရစ်က “အမေရိကန်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ယခုရောက်ရှိနေသော ဒေသအတွက် အလေးအနက် ထားပါကြောင်း” ပြောကြားခဲ့သည်။
ဟားရစ်၏ ပါလာဝမ်ခရီးစဉ်သည် အာရှရှိ အမေရိကန်၏ သက်တမ်းရှည်ကြာ လုံခြုံရေးမဟာမိတ် နိုင်ငံဖြစ်သော ဖိလစ်ပိုင်သို့ ၃ ရက်ကြာ လာရောက် လည်ပတ်ခဲ့မှု၏ တစိတ်တပိုင်းလည်း ဖြစ်သည်။
လက်ရှိ အနေအထားတွင် တောင်တရုတ်ပင်လယ်၌ တရုတ်၏ မူဝါဒများကို တန်ပြန်ရန် အမေရိကန်၏ အဓိက ကြိုးပမ်းနေမှုမှာ ထိုင်ဝမ်ကျွန်း အရေးကိစ္စ ဖြစ်သည်။

အမေရိကန်ဒုတိယသမ္မတ ကာမယ်လာဟားရစ်နဲ့ ဖိလစ်ပိုင်သမ္မတ မားကို့စ်ကိုတွေ့ ရစဉ်
အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို လေးစားရန်၊ တရားဥပဒေနဲ့အညီ အတားအဆီးမရှိ ကုန်သွယ်နိုင်ရန်၊ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်၊ တောင်တရုတ်ပင်လယ်နှင့် အင်ဒို-ပစိဖိတ် ဒေသတလျှောက် လွတ် လပ်စွာ ရေကြောင်းသွားလာခွင့်နှင့် လေကြောင်းပျံသန်းခွင့်ရှိရန်တို့ကို ဟားရစ်က ၎င်း၏မိန့်ခွန်းတွင် ထည့်ပြော ခဲ့သည်။
“အငြင်းပွားနေတဲ့ ရေပြင်မှာ တာဝန်မဲ့တဲ့ အပြုအမူတွေကို ဆန့်ကျင်တဲ့ နိုင်ငံတကာ စည်းရုံးလှုပ်ရှားမှု တစ်ခု ဖြစ်လာအောင် ဝါရှင်တန်က ဖိအားပေးသွားမှာပါ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ဟားရစ်သည် တရုတ်နိုင်ငံ၏ အမည်ကို တိုက်ရိုက် သုံးစွဲပြောကြားခဲ့ခြင်း မရှိသော်လည်း လုံခြုံရေးစာချုပ်အရ မဟာမိတ်ဖြစ်သူ ဖိလစ်ပိုင်အတွက် အမေရိကန်၏ ထောက်ခံမှုကို ချပြခဲ့သဖြင့် ၎င်း၏ရည်ညွှန်းချက်မှာ တရုတ် ပင်ဖြစ်သည်။
ဘေဂျင်းသည် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနှင့် ထိုင်ဝမ်တို့၏ နယ်နိမိတ် အစိတ်အပိုင်းများကို ၎င်းပိုင်ဆိုင်သည်ဟု အတိအလင်းပြော၍ တောင်းဆိုထားသည်။
ဘေဂျင်းအစိုးရ၏ တောင်တရုတ်ပင်လယ်အရေး လိုလားချက်များကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ နိုင်ငံ တကာတရားရုံးက ဆုံးဖြတ်ခဲ့ရာတွင် ဖိလစ်ပိုင် အနိုင်ရရှိခဲ့သော်လည်း ဘေဂျင်းကတော့ အဆိုပါ တရားရုံး၏ ဆုံးဖြတ်ချက်ကို လျစ်လျူရှုခဲ့သည်။
Source: Aljazeera
- By CNI
- Category: နိုင်ငံရေး
- Hits: 1218
CNI International News
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၃
ထိုင်းနိုင်ငံ၊ နရသီဝပ်ခရိုင်ရှိ ရဲစခန်း တစ်ခုသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်က ကားဗုံးခွဲ တိုက်ခိုက်ခံခဲ့ရကြောင်း ဘန်ကောက်ပို့စ်က ရေးသား ဖော်ပြထားသည်။
အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် ရဲအရာရှိ တစ်ဦး သေဆုံးပြီး တခြားသော လူ ၄၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကားဗုံးခွဲ တိုက်ခိုက်မှုကို မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းက လုပ်ဆောင်ခြင်း ဖြစ်သည်ကိုတော့ ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည်ကို မတွေ့ရသေးပေ။
- By CNI
- Category: နိုင်ငံရေး
- Hits: 1224
CNI International News
ဝါရှင်တန်၊ နိုဝင်ဘာ ၂၃
ရုရှားကို တိုက်ခိုက်ရန်အတွက် လူအသေအပျောက်များစေမည့် Grey Eagle မောင်းသူမဲ့လေယာဉ် (ဒရုန်း)များကို ယူကရိန်းတောင်းခံခြင်းအပေါ် သတိကြီးကြီးဖြင့် ပြန်လည်သုံးသပ်စဉ်းစားရန် အမေရိကန် အထက်လွှတ်တော် အမတ် ၁၆ ဦးပါ အဖွဲ့တစ်ဖွဲ့က သမ္မတ ဂျိုးဘိုင်ဒန်ကို တိုက်တွန်းခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။
အဆိုပါအဖွဲ့တွင် ရီပက်ဘလစ်ကန်နှင့် ဒီမိုကရက်တစ်များမှ လွှတ်တော်အမတ်များ ပါဝင်ကြသည်။
ထိုဒရုန်းသည် အကွာအဝေး မီတာ ၈,၈၀၀ (၂၉,၀၀၀ ပေ) အထိ ရောက်ရှိနိုင်ပြီး ၂၄ နာရီကျော်ကြာအောင် ပျံသန်းနိုင်သည်။
ဒရုန်းများမှနေ၍ ပစ်ခတ်ဖောက်ခွဲခြင်းကြောင့် ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခ တိုးလာမည်ကို စိုးရိမ်မိကြောင်း အထက်ပါ လွှတ်တော်အမတ်များက ပြောကြားခဲ့ကြသည်။
ရုရှားသည် အီရန်လုပ် kamikaze ဒရုန်းကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလျက် ယူကရိန်း အရပ်ဘက် အခြေခံ အဆောက်အအုံများကို တိုက်ခိုက်နေခြင်းကြောင့် ယူကရိန်းကလည်း ယခုကဲ့သို့ အစွမ်းထက်သည့် ဒရုန်းများကို အမေရိကန်ထံသို့ အသည်းအသန် တောင်းခံနေခြင်း ဖြစ်သည်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကို တွေ့ရစဉ် (GETTY IMAGES)
၎င်းတို့ တိုက်တွန်းလွှာထဲတွင် အထက်လွှတ်တော် အမတ်များက ယခုလကုန် နိုဝင်ဘာ ၃၀ ရက်အထိ ပင်တဂွန် အနေဖြင့် ယူကရိန်းတိုက်ပွဲများကို အထောက်အပံ့ပေးရန် မသင့်လျော်သေးဟု ယုံကြည်မိသော အကြောင်းပြချက် ကိုလည်း လွှတ်တော်သို့ လာရောက်ရှင်းပြရန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကို တိုက်တွန်းခဲ့သည်။
နိုဝင်ဘာ ၂၂ ရက် အစောပိုင်း၌ ခရိုင်းမီးယား ကျွန်းဆွယ်တွင် ရုရှားခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သူ မီခေးလ်ရက်ဇ်ဗိုဇာခိဗ် (Mikhail Razvozhaev) က ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်များ စတင် ချထား သည့် ဆီဗာစတိုပေါမြို့ (Sevastopol) ကောင်းကင်ယံသို့ ဝဲပျံလာသော ဒရုန်းနှစ်စင်းကို ပစ်ချခဲ့ကြောင်း ကြေညာ ခဲ့သည်။
“ကျနော်တို့ လေကြောင်းရန် ကာကွယ်ရေးတပ်တွေက အခုဆို စတင်လှုပ်ရှားနေပါပြီ။ သူတို့(ယူကရိန်း)ဘက်က ဒရုန်းနဲ့ လာတိုက်တာတွေ ရှိပါတယ်။ ပဏာမ အချက်အလက်တွေအရ မောင်းသူမဲ့လေယာဉ် (အင်ဂျင်မပါသည့် ဝေဟင်သုံး) တွေကို ပစ်ချနိုင်ခဲ့ပါတယ်။ အဲဒီတပ်တွေ အားလုံးဟာ သတိနဲ့ အသင့်ရှိနေကြပါတယ်” ဟု ပြောကြား ခဲ့သည်။
Source: Aljazeera
- By CNI
- Category: နိုင်ငံရေး
- Hits: 1325
CNI International News
ပြုံယမ်း၊ နိုဝင်ဘာ ၂၃
မြောက်ကိုရီးယားနိုင်ငံတွင် ဩဇာကြီးမားလှသော ကင်မ်ဂျုံအန်း၏ ညီမဖြစ်သူ ကင်မ်ယိုဂျောင်က “အမေရိကန် သည် ပိုမိုဆိုးရွားသော လုံခြုံရေး အကျပ်အတည်းကို ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်ဟု South China Morning Post သတင်းတစ်ပုဒ်တွင် တွေ့ရသည်။
အမေရိကန်သည် မကြာသေးမီက မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ဒုံးကျည် (ICBM) စမ်းသပ်မှုကို ကုလသမဂ္ဂ (UN) ထဲ၌ ရှုတ်ချရန် တိုက်တွန်းထားသည်။
နိုဝင်ဘာ ၂၂ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး၌ အမေရိကန်သံအမတ် လင်ဒါ သောမတ် ဂရင်းဖီးလ် (Linda Thomas-Greenfield) က “မြောက်ကိုရီးယားအပေါ် တားမြစ်ထားသည့် ဒုံးကျည် ပစ်လွှတ်မှုနှင့် အခြား မတည်မငြိမ်ဖြစ်မည့် လုပ်ဆောင်ချက်များကို UN အတွင်း ရှုတ်ချရန် အမေရိကန် အဆိုပြု ထားသော သမ္မတ၏ကြေညာချက်” ကို တိုက်တွန်းပြောကြားခဲ့သည်။
ထိုသို့ ပြောကြားပြီး နာရီပိုင်းအတွင်း ကင်မ်ဂျုံအန်း၏ညီမ ကင်မ်ယိုဂျောင် (Kim Yo-jong) ၏ သတိပေးချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

အမေရိကန်သံအမတ် လင်ဒါ သောမတ် ဂရင်းဖီးလ်ကိုတွေ့ရစဉ် (GETTY IMAGES)
အရေးပေါ် အစည်းအဝေးအပြီး သောမတ်ဂရင်းဖီးလ်က မြောက်ကိုရီးယား၏ လက်နက်အစီအစဉ်ကို ကန့်သတ်ရန် ထောက်ခံကြသည့် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ကြေညာချက် တစ်စောင်ကို ဖတ်ကြားတင်သွင်းခဲ့သည်။
အစ်ကိုဖြစ်သူပြီးလျှင် မြောက်ကိုရီးယား၏ ဒုတိယအာဏာ အရှိဆုံးဟု သတ်မှတ်ခံထားရသူ ကင်မ်ယိုဂျောင်သည် ဗြိတိန်၊ ပြင်သစ်၊ ဩစတြေးလျ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့နှင့်အတူ စက်ဆုပ်ရွံရှာစရာ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သဖြင့် အမေရိကန်ကို အပြစ်တင်ခဲ့သည်။
အမေရိကန်သည် ကြောက်အားလန့်အားဖြင့် ထဟောင်သော ခွေးတစ်ကောင်နှင့်တူကြောင်း ကင်မ်ယိုဂျောင်က ခိုင်းနှိုင်းပြောကြားခဲ့သည်။
“အမေရိကန်ဦးဆောင်၍ ထုတ်ပြန်သော ယခုကြေညာချက်သည် မိမိနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးပြီး ပြင်းထန်သည့် နိုင်ငံရေးရန်စမှုအဖြစ် ယူဆကြောင်း” ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
“ကျမတို့ (မြောက်ကိုရီးယား) ကို လက်နက်ဖြုတ်သိမ်းပြီး ဘယ်လောက်ပဲ ကြိုးစား … ကြိုးစား၊ ကျမတို့ကတော့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အတွက် ဘယ်တော့မှ နှုတ်ဆိတ်နေမှာ မဟုတ်ဘဲ ဆန့်ကျင်သွားမှာပါ။ မြောက်ကိုရီးယားကို ဒါမျိုးလာလုပ်ရင် အထိနာစေမယ့် လုံခြုံရေး အကျပ်အတည်းနဲ့ ရင်ဆိုင်ရပါလိမ့်မယ်” ဟု အစိုးရပိုင်မီဒီယာမှ ထုတ်ပြန်သည့် ကြေညာချက် တစ်စောင်တွင် ကင်မ်ယိုဂျောင်က ပြောကြားထားသည်။

မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျောင်ကိုတွေ့ရစဉ် (GETTY IMAGES)
မြောက်ကိုရီးယား၏ ICBM ဒုံးကျည်ပစ်လွှတ်မှုကို တုံ့ပြန်သည့် အနေဖြင့် နိုဝင်ဘာ ၂၁ ရက်တွင် UN လုံခြုံရေး ကောင်စီ၏ အရေးပေါ် အစည်းအဝေး ခေါ်ယူကျင်းပခဲ့သည်။
မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယား လက်နက်များကို ခေတ်မီစေရန်နှင့် အနာဂတ် သံခင်းတမန်ခင်းတွင် ဩဇာတိုးမြှင့်နိုင်ရန် ယခုနှစ်အတွင်း ဒုံးကျည်များ ဆက်တိုက် စမ်းသပ်မှု၏ တစိတ်တပိုင်းအဖြစ် ICBM ပစ်လွှတ်ခဲ့ ကြောင်း စစ်ရေးကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။
နိုဝင်ဘာ ၁၈ ရက် စမ်းသပ်ပစ်လွှတ်မှုတွင် မြောက်ကိုရီးယား၏ အားအပြင်းဆုံး ဟွာဆောင်း-၁၇ (Hwasong-17) ဒုံးကျည် ပါဝင်ခဲ့ပြီး မတ်စောက်သော ထောင့်ဖြတ်ချိန်ရွယ်၍ သတ်မှတ်စံချိန်၊ စံညွှန်းတိုင်း ပစ်လွှတ်ခဲ့ပါက အမေရိကန်နိုင်ငံရှိ မည်သည့်နေရာမဆို ထိမှန်နိုင်ကြောင်း ကျွမ်းကျင်ပညာရှင်အချို့က သုံးသပ်ပြခဲ့သည်။
Source: South China Morning Post
- By CNI
- Category: နိုင်ငံရေး
- Hits: 1044
CNI International News
ဘရာဇီးလီယာ၊ နိုဝင်ဘာ ၂၃
ဘရာဇီးလ်နိုင်ငံတွင် လက်ရှိသမ္မတ ဂျိုင်ယာဘော်ဆိုနာရိုသည် ဘရာဇီးလ်ရွေးကောက်ပွဲတွင် အရှုံးနှင့် ရင်ဆိုင် ခဲ့ရပြီးနောက် အီလက်ထရောနစ် မဲပေးစက်ဖြင့် မဲပေးသည့်စနစ်ကို ပယ်ဖျက်ပေးရန် ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များ(ကော်မရှင်)ကို တောင်းဆိုခဲ့ကြောင်း အေပီသတင်းအရ သိရသည်။
လွတ်လပ်သော ကျွမ်းကျင်ပညာရှင်များကမူ အဆိုပါကွန်ပျူတာ အပါအဝင် စက်နှင့်မဲပေးခြင်းဖြင့် လွဲချော်မှုရှိသည့်တိုင် ထွက်ပေါ်လာသော ရလဒ်များ၏ ယုံကြည်စိတ်ချရမှုကို မထိခိုက်စေကြောင်း ပြောကြားခဲ့ကြသည်။
ထိုသို့ တောင်းဆိုခြင်းအားဖြင့် ဘော်ဆိုနာရိုသည် ကျန်ရှိနေသည့် တရားဝင်မဲ ၅၁ ရာခိုင်နှုန်းကို ချန်လှပ်၍ ပြန်လည် ရွေးကောက်တင်မြှောက်ခံရရန် ရည်ရွယ်ကြောင်း သမ္မတနှင့် ၎င်း၏လစ်ဘရယ်ပါတီ ကိုယ်စား စာမျက်နှာ ၃၃ မျက်နှာပါ တောင်းဆိုချက်ကို တင်သွင်းခဲ့သည့် ရှေ့နေ မာဆီလိုဒီဘက်ဆာ (Marcelo de Bessa)က သတင်းထောက်များကို ပြောကြားခဲ့သည်။
သို့ရာတွင် ဘော်ဆိုနာရိုကို အဆိုးဝါးဆုံး ရလဒ်ဖြစ်စေမည့် လက်ဝဲဝါဒီ ယခင်သမ္မတဟောင်း လူဝိဇ်အင်နာစီယို လူလာဒါဆေဗာ (Luiz Inácio Lula da Silva) အောင်ပွဲခံပြီဟု ရွေးကောက်ပွဲ အာဏာပိုင်များက ကြေညာထားပြီး ဖြစ်သည်။

ဘရာဇီးလ် ရွေးကောက်ပွဲ စက်ဖြင့် ပေးသည့်စနစ်ကိုတွေ့ရစဉ် (AP)
အဆိုပါ ရွေးကောက်ပွဲရလဒ်ကို လက်ရှိသမ္မတ၏ နိုင်ငံရေးမဟာမိတ် အများအပြားကပင် လက်ခံထားကြသည်။
အထူးသဖြင့် ရွေးကောက်ပွဲရလဒ်ကို ဘော်ဆိုနာရိုက လက်မခံဘဲ အပြင်းအထန် ငြင်းဆန်နေသဖြင့် နိုင်ငံတဝန်းရှိ မြို့ကြီးများတွင် ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့သည်။
လစ်ဘရယ်ပါတီခေါင်းဆောင် ဗယ်ဒီမာကော်စတာ (Valdemar Costa) နှင့် ပါတီမှ ငှားရမ်းထားသော စာရင်းစစ် တစ်ဦးတို့က “၎င်းတို့အကဲဖြတ်ချက်အရ ၂၀၂၀ ပြည့်နှစ် မတိုင်မီက မဲပေးမှုများ၏ စနစ်အားလုံးကို သိရှိပြီး ဖြစ် ကြောင်း၊ ၎င်းတို့အထဲမှ မဲပေါင်း ၂၈၀,၀၀၀ နီးပါး (သို့မဟုတ်) ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်တွင် အသုံးပြုခဲ့ သည့် မဲရေတွက်မှု စနစ်၏ ၅၉ ရာခိုင်နှုန်း ဖြစ်နေသည်ကို တွေ့ရကြောင်း၊ ကော်မရှင်၏ အတွင်း မှတ်တမ်းများ တွင် မဲဆန္ဒရှင်တစ်ဦးချင်းစီ၏ မှတ်ပုံတင်နံပါတ်များ မပါဝင်ကြောင်း” ပြောကြားခဲ့ကြသည်။
ယခုထွက်ပေါ်လာသော ရွေးကောက်ပွဲရလဒ်သည် မည်သို့ထိခိုက်စေနိုင်ကြောင်း ၎င်းတို့က ရှင်းမပြသော်လည်း စက်ဖြင့် ရရှိလာသော မဲအားလုံးကို ပျက်ပြယ်စေရန် ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုနေခြင်း ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲ အနိုင်ရသည့် လူဝိဇ်အင်နာစီယို လူလာဒါဆေဗာကို တွေ့ရစဉ် (GETTY IMAGES)
၎င်းတို့၏ တောင်းဆို တိုင်ကြားချက်တွင် စက်၏ချို့ယွင်းမှုမှာ ရလဒ်များ၏ စစ်မှန်ခြင်း အနေအထားကို မေးခွန်း ထုတ်စရာ ဖြစ်ကြောင်း၊ ပြန်လည် ပြုပြင်မရတော့သည့် လိုက်နာမှု ကင်းမဲ့ခြင်းအဖြစ် သတ်မှတ်ကြောင်း လစ်ဘရယ်ပါတီက ဆက်လက် ပြောကြားခဲ့သည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် ဘော်ဆိုနာရို၏ ပါတီအနေဖြင့် ထိုကဲ့သို့ စိန်ခေါ်မှုမျိုး ကြုံတွေ့ရနိုင်ခြေကို သိသာ စွာ တိုးလာစေသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ရွေးကောက်ပွဲကော်မရှင် အကြီးအကဲက သတင်းထုတ်ပြန်ခဲ့သည်။
၎င်း၏ပါတီအနေဖြင့် ၂၄ နာရီအတွင်း ပြင်ဆင်ထားသည့် အဆိုပါသတင်းထုတ်ပြန်ခဲ့သည့် ဆုံးဖြတ်ချက်ကို ကမ်းလှမ်းခြင်း မရှိခဲ့လျှင် တရားရုံးက ပါတီ၏တိုင်ကြားချက်ကို လက်ခံစဉ်းစားမည် မဟုတ်ကြောင်း ကော်မရှင် အကြီးအကဲ အလက်ဇန္ဒရီဒီမော်ရေ့စ် (Alexandre de Moraes) က ပြောကြားခဲ့သည်။
ဘရာဇီးလ်နိုင်ငံတွင် လစ်ဘရယ်ပါတီသည် ကွန်ဂရက်(လွှတ်တော်)နှစ်ရပ်စလုံးတွင် အခြားနေရာများထက် ၎င်းပါတီမှ အမတ်နေရာ ပိုမိုရရှိခဲ့သော မဲဆန္ဒနယ်များ အပါအဝင် ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက် ပထမ အကျော့ ရွေးကောက်ပွဲမှ ရလဒ်များ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။
Source: AP
