CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၆

ယူကရိန်းဘောလုံးအာဏာပိုင်တွေက ယူရို ၂၀၂၄ ပြိုင်ပွဲခြေစစ်ပွဲအတွက် အုပ်စုမဲခွဲတာမှာ ရုရှားကို ဖယ်ထုတ်ဖို့ တောင်းဆိုလိုက်ပါတယ်။

ဒီပြိုင်ပွဲအတွက် ခြေစစ်ပွဲအုပ်စုမဲခွဲမှုကို အောက်တိုဘာလ ၉ ရက် ဂျာမနီမှာပြုလုပ်မယ့် အခမ်းအနားမှာ ဆုံးဖြတ်သွားမှာပါ။ယူကရိန်းဘောလုံးအဖွဲ့ချုပ်ဉက္ကဋ္ဌ ပါဗယ်လ်ကိုက “ကျနော်တို့ဟာ အောက်တိုဘာလ ၉ ရက် ဖရန့်ဖတ်မှာ စီစဉ်ထားတဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲအုပ်စုမဲခွဲမှုမှာ ရုရှားကို မပါဝင်စေချင်တဲ့ ရည်ရွယ် ချက်နဲ့ ယူအီးအက်ဖ်အေအဆင့်မှာ အားထုတ်ကြိုးပမ်းနေတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာအိုလံပစ်ကော်မတီရဲ့ အကြံပြုချက်အတိုင်း ရုရှားလက်ရွေးစင်နဲ့ ကလပ်အသင်းတွေကို ဖီဖာ နဲ့ ယူအီးအက်ဖ်အေက ကျင်းပထားတဲ့ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားတာပါ။ ဖီဖာ ကတော့ အကန့်အသတ်မရှိ ပိတ်ပင်ထားတာဖြစ်ပြီး အဲဒါကြောင့်လည်း ရုရှားအမျိုးသားအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်ခွင့် အခွင့်အရေးဆုံးရှုံးခဲ့ပါတယ်။ယူအီးအက်ဖ်အေဟာ အခုနှစ်ရာသီမှာ လည်း ရုရှားကလပ်အသင်းတွေကို ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားတာပါ။

ဒါပေမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ခြေစစ်ပွဲတွေမှာ ရုရှားပါဝင်လာနိုင်တယ်ဆိုတဲ့ တရားဝင် ထုတ်ပြန် ချက်တွေ မထုတ်ပြန်သေးတာ ဖြစ်ပါတယ်။စက်တင်ဘာလ ၂၀ ရက် ခရိုအေးရှားမှာ ကျင်းပမယ့် ယူအီး အက်ဖ်အေအမှုဆောင်ကော်မတီအစည်းအဝေးမှာ ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ရုရှားမီဒီယာတွေက ဖော်ပြထားတာပါ။အဲဒီမှာ ရုရှားကို ယူရို ၂၀၂၄ ခြေစစ်ပွဲတွေမှာ ပါဝင်ခွင့် ရှိ၊ မရှိ ဆုံးဖြတ်နိုင်မယ်လို့ သိရပါတယ်။

ယူကရိန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက “စိန့်ပီတာစဘတ်မှာ ကစားဖို့ စီစဉ်ထားတဲ့ ရုရှားနဲ့ ဘော့စနီးယား အသင်းတို့ရဲ့ ခြေစမ်းပွဲကို ရပ်တန့်နိုင်အောင် ကြားဝင်စွက်ဖက်ပေးဖို့အတွက် ဖီဖာနဲ့ ယူအီးအက်ဖ်အေကို ထပ်မံတောင်းဆိုထားတာပါ။ဒီပွဲကို မဖြစ်အောင် ကျနော်တို့ တတ်နိုင်သမျှအရာအားလုံး လုပ်ဆောင် နေပါတယ်”လို့ ပါဗယ်လ်ကိုက ပြောခဲ့တာဖြစ်ပါတယ်။

ရုရှားအသင်းကတော့ ဘော့စနီးယားနဲ့အပြင် အီရန်၊ ကာဂျစ္စတန်တို့နဲ့လည်း ခြေစမ်းပွဲကစားဖို့ စီစဉ်ထား တာ ဖြစ်ပါတယ်။

Source:အာရ်တီ