CNI Sport News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၅
ဘရစ်တနီဂရိုင်နာရဲ့အမှုမှာ ခုခံကာကွယ်ပေးနေတဲ့ ရှေ့နေဖြစ်သူတွေက သူမသယ်ဆောင်လာတဲ့ ဆေးခြောက် ဟာ သူမ၏ နာတာရှည်ဒဏ်ရာအတွက် အမေရိကန်မှ ဆေးဘက်ဝင်ဆေးခြောက်သာဖြစ်သည်ဟု ရုရှား တရားရုံးထံ ပြောကြားခဲ့ကြောင်း တရားခွင်ရှိ ရိုက်တာသတင်းထောက်ရဲ့ပေးပို့ချက်ကို သတင်းမှာ ရေးသား ဖော်ပြခဲ့ပါတယ်။
ဘရစ်တနီဂရိုင်နာဟာ ဆေးခြောက်ဆီတွေကို သယ်ဆောင်လာခဲ့တာကြောင့် ဖေဖော်ဝါရီလက မော်စကို လေဆိပ် မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။သူမကတော့ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရနိုင်တဲ့ မူးယစ်ဆေးဝါး စွဲချက် အတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။အမေရိကန်အမျိုးသမီးဘတ်စကတ်ဘော ကြယ်ပွင့်ဟာ နီဗားနား တီရှပ်ကို ဝတ်ဆင်ကာ စတုတ္တအကြိမ်မြောက် ကြားနာမှုကို တက်ရောက်ခဲ့ပြီး သူမကတော့ ဥပဒေကို ချိုးဖောက်ခြင်းမရှိကြောင်း ပြောကြားထားကာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း သူမကို လွတ်မြောက် အောင်လုပ်ပေးဖို့ တတ်နိုင်သမျှလုပ်ဆောင်နေတယ်လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန်မှာ အကျဉ်းကျနေတဲ့ ရုရှားနိုင်ငံသားတစ်ဦးအတွက် အိုလံပစ် ရွှေတံဆိပ် နှစ်ဆုပိုင်ရှင်နဲ့ လဲလှယ်ဖို့ ဖြစ်နိုင်ခြေကို ဆွေးနွေးဖို့ အချိန်မတန်သေးဘူးလို့ ကရင်မလင်ကလည်း ပြောဆိုထားတာပါ။ဂရိုင်နာရဲ့ ရှေ့နေတွေကတော့ ပိုမိုသက်ညှာတဲ့ ပြစ်ဒဏ်ချမှတ်နိုင်ဖို့အတွက် သူမအနေနဲ့ ရုရှားနိုင်ငံအတွင်းကို မူးယစ် ဆေးဝါး တရားမဝင် ယူဆောင်လာဖို့ ရည်ရွယ်ထားခြင်းမရှိကြောင်း သောကြာနေ့က အဆိုပြုတင်သွင်းခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် သူတို့က ဂရိုင်နာဟာ နာတာရှည်ဝေဒနာ၏ နာကျင်ခံစားနေရမှုကို ကုစားနိုင်ရန် ဆေးဘက် ဝင်ဆေးခြောက်သုံးစွဲနိုင်ခွင့်ဖြစ်သော အရီဇိုးနားပြည်နယ်မှ ထုတ်ပေးတဲ့ ခွင့်ပြုချက်ပါရှိတယ်လို့လည်း ပြောခဲ့ တာပါ။
ကြာသပတေးနေ့ ကြားနာမှုမှာ ရုရှားဘတ်စကတ်ဘောအသင်း ဒါရိုက်တာတစ်ဦးက ဘရစ်တနီဂရိုင်နာကို ထောက်ခံခဲ့ပါတယ်။သူမဟာ ထူးချွန်ထက်မြက်တဲ့ စွမ်းဆောင်ရည်ရှိပြီး အသင်းအဖွဲ့စိတ်ဓါတ်ခိုင်မာစေဖို့အတွက် တစ်ဦးချင်းလည်း ပံ့ပိုးကူညီနိုင်တယ်လို့ ပြောခဲ့တာပါ။ဘရစ်တနီဂရိုင်နာဟာ ရုရှားဘတ်စကတ်ဘောအသင်း တစ်သင်းမှာလည်း ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။
ဘရစ်တနီဂရိုင်နာဟာ အမေရိကန်လက်ရွေးစင်နဲ့ အိုလံပစ်ရွှေတံဆိပ် ၂ ဆုအပြင်၊ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ချန်ပီယံဖြစ်ခဲ့ပြီး တစ်ဦးချင်းအောင်မြင်မှုဆုတံဆိပ်တွေလည်း အများအပြား ရယူနိုင်ခဲ့သူပါ။
Source:Reuters