CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၃

မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း ဆိုးလ်ရှားဟာ အီရန်လက်ရွေးစင်နည်းပြရာထူးအတွက် ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။

အီရန်အသင်းဟာ နည်းပြဖြစ်သူ ဒရာဂန်ကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ၄ လအလိုမှာ ရာထူးကနေ ထုတ်ပယ်လိုက်ပြီး မန်ယူနည်းပြဟောင်း ဆိုးလ်ရှားကို ကမ်းလှမ်းခဲ့တာလည်း ဖြစ်ပါတယ်။

အာရှကလပ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုတွင်းမှာ အင်္ဂလန်၊ အမေရိကန်၊ ဝေးလ်စ်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေခဲ့တာ ဖြစ်ပါတယ်။ခရိုအေးရှားလူမျိုး ဒရာဂန်ဟာ အီရန်အသင်းကို ၁၈ ပွဲ ကိုင်တွယ်ခဲ့တာမှာ ၁၅ ပွဲအနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် နောက်ဆုံး ၃ ပွဲမှာ ၂ ပွဲအထိရှုံးနိမ့်ခဲ့တာကြောင့် နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ ရတာပါ။

Foot Mercato က အီရန်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အမျိုးသားအသင်းကို ဦးဆောင်ပေးနိုင်ဖို့ ဆိုးလ်ရှားထံ ချဉ်းကပ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ဒါပေမယ့် ဆိုးလ်ရှားဟာ သရဲနီကြယ်ပွင့်ဟောင်းတွေနဲ့ ပြန်လည်ဆုံတွေ့ရ မယ့် လက်ရွေးစင်နည်းပြရာထူး ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး အခြားနေရာတွေမှာ ရေတိုဦးစားပေးရမှာတွေ ရှိနေတာကြောင့် ဒီလိုကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ အဆိုပါသတင်းက ဖော်ပြခဲ့ပါတယ်။

လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေတဲ့ ဆိုးလ်ရှားကို နည်းပြလောကထဲ ပြန်လည်ဝင်ရောက်နိုင်ဖို့အတွက် ကလပ်အသင်းတွေရဲ့ကမ်းလှမ်းမှုတွေလည်း ရှိနေတာပါ။ပြီးခဲ့တဲ့ နိုဝင်ဘာလက အိုးထရက်ဖိုဒ့်ကနေ ထွက်ခွာခဲ့တဲ့ ဆိုးလ်ရှားကို အမည်မဖော်လိုတဲ့ ပရီးမီးယားလိဂ်ကလပ်က ချဉ်းကပ်ခဲ့သလို ဥရောပတစ်ဝှမ်းမှာရှိတဲ့ ကလပ် အသင်းအများအပြားရဲ့ စိတ်ဝင်စားမှုကို ရခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် အရန်အသင်းကနေ နည်းပြ ဘဝအစပြုခဲ့တဲ့ ဆိုးလ်ရှားဟာ မိုလ်ဒီ၊ ကာဒစ်ဖ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ကို ကိုင်တွယ်ထားခဲ့တာပါ။

ဆိုးလ်ရှားဟာ နည်းပြဘဝမှာ မိုလ်ဒီအသင်းနဲ့ ဆုဖလား ၃ လုံးရယူနိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်နဲ့တော့ ယူရိုပါလိဂ် ဒုတိယသာ ရရှိခဲ့တာဖြစ်ပါတယ်။

Source:The Sun