CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၃

တင်းနစ်ဂန္တဝင် ကစားသမား ရော်ဂျာဖက်ဒဲရားဟာ ဒူးဒဏ်ရာကြောင့် တစ်နှစ်ကျော်ကြာ ပြိုင်ပွဲတွေနဲ့ ဝေးကွာခဲ့ပြီးနောက် အနားယူမယ့်အကြောင်း အရိပ်အမြွက် ပြောလိုက်ပါတယ်။

ဖက်ဒဲရားက “ ရိုးရိုးသားသားပြောရရင် အိမ်မှာနေရတာ အလွန်ပျော်ပါတယ်။ မိသားစုနဲ့ ခရီးသွားရတာကို လွမ်းသလို အားကစားကိုလည်း လွမ်းပါတယ်။ ဒါပေမယ့် အိမ်မှာနေရတဲ့ ဘဝက ပိုကောင်းပါတယ်။ တင်းနစ်ခရီးစဉ်က တစ်ခါတရံ အလွန်များပြီး အခု အနားယူနေရတာ ကောင်းပါတယ်။ ခရီးသွားရတာကို လွမ်းနေပေမယ့် ကလေးတွေအတွက် ကောင်း ပါတယ်”လို့ ဒတ်ချ်သတင်းစာ Algemeen Dagblad ကို ပြောပါတယ်။

ဖက်ဒရားဟာ လက်ရှိအချိန်မှာ ဒဏ်ရာကြောင့် အနားယူနေရလို့ ကလေး ၄ ဦးကို အချိန် ပိုပေးနိုင်နေတာ ဖြစ်ပါတယ်။ ဆွစ်ဇာလန် တင်းနစ်သမားဟာ ကစားပွဲတွေနဲ့ ဝေးကွာနေတာကြောင့် ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် ATP အဆင့် သတ်မှတ်ချက်မှာ မပါဝင်တော့ပါဘူး။

ဖက်ဒဲရားနဲ့ သူ့ရဲ့မိသားစု (Yahoo News)

ဖက်ဒဲရားဟာ ဒူးကို ၃ ကြိမ် ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး စက်တင်ဘာလ Laver Cup ပြိုင်ပွဲမှာ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေ တာ ဖြစ်ပါတယ်။ အောက်တိုဘာလ ဘေဆဲလ်မှာ ကျင်းပမယ့် ATP ပြိုင်ပွဲကိုလည်း ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ဖက်ဒဲရားက ပစ်မှတ် ထားနေပါတယ်။

ဖက်ဒဲရားဟာဆိုရင် ပြီးခဲ့တဲ့နှစ် ဝင်ဘယ်လ်ဒန် အိုးပန်း ကွာတားဖိုင်နယ်မှာ နောက်ဆုံး ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အဲဒီပွဲမှာ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဖက်ဒဲရား အနေနဲ့ ဝင်ဘယ်လ်ဒန်အိုးပန်း ချန်ပီယံဆုကို ၈ ကြိမ် ရရှိထားပြီး ဂရမ်းဆလမ်း ချန်ပီယံဆုကို အကြိမ် ၂၀ ရရှိထားပါတယ်။

ဖက်ဒဲရားက “တင်းနစ်ဟာ ကျနော့်အတွက် အစိတ်အပိုင်း တစ်ခုဖြစ်ပေမယ့် ကိုယ်ပိုင် အရာအားလုံး မဟုတ်ပါဘူး။ ဒီမှာ ဆက်ရှိချင်သလို အောင်မြင်မှုတွေလည်း ရယူချင်ပါတယ်။ ပရော်ဖက်ရှင်နယ် အသက်မွေးဝမ်းကြောင်း တစ်ခုဟာ ထာဝရ မတည်မြဲနိုင်ဘူးဆိုတာ ကျနော်သိပါတယ်။ ဒါပေမယ့် အဆင်ပြေပါတယ်”လို့ ပြောခဲ့ပါတယ်။

အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ ဖက်ဒဲရားဟာ ကစားသမားဘဝ တစ်လျှောက်မှာ ATP တစ်ဦးချင်း ဆုဖလား ၁၀၃ ကြိမ်၊ ဂရမ်းဆလမ်း အကြိမ် ၂၀ နဲ့ အိုလံပစ် ငွေတံဆိပ်ဆုတို့ ရယူနိုင်ခဲ့ပြီး အောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်။

Source: Daily Mail