EPL ကို တန်းတက်နိုင်မှုနဲ့အတူ ပေါင်သန်း(၂၀၀)ရရှိမယ့် ဖူလ်ဟမ်

CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၀

ဖူလ်ဟမ် အသင်းဟာ ပရက်စတန် အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံရှစ်ပွဲစဉ်မှာ ၃ ဂိုး - ဂိုးမရှိနဲ့အနိုင်ရပြီး ပရီးမီးယား လိဂ်ကို တန်းပြန်တက်လာခဲ့ကာ ပေါင်သန်း(၂၀၀)ရရှိတော့မှာ ဖြစ်ပါတယ်။

ဖူလ်ဟမ် အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ကို တန်းဆင်းသွားခဲ့ပေမယ့် တစ်ရာသီ အကြာမှာပဲ တန်းပြန်တက်နိုင်ခဲ့တာပါ။ လန်ဒန်ကလပ်ဟာ ချန်ပီယံရှစ်ပြိုင်ပွဲပြီးဆုံးဖို့အတွက် (၄)ပွဲကစားဖို့ ကျန်သေးပေမယ့် တတိယနေရာက ဟတ်ဒါဖီးစ် အသင်းကို (၁၃)မှတ်ဖြတ်ကာ ပရီးမီးယားလိဂ်ကို တိုက်ရိုက် တန်းတက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဖူလ်ဟမ် အသင်း ပရိသတ်တွေဟာ ပွဲအပြီးမှာ ကွင်းအတွင်း ဝင်ရောက် အောင်ပွဲခံမှုတွေပြုလုပ်သွားခဲ့ကြတာပါ။

ဖူလ်ဟမ် အသင်းဟာ ဒီရာသီ ချန်ပီယံရှစ်ပြိုင်ပွဲမှာ (၄၂)ပွဲကစားပြီး (၉၈)ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ ဒီထဲမှာ အဓိက တိုက်စစ်မှူးဖြစ်တဲ့ မီထရိုဗစ် က ဂိုး(၄၀)အထိ သွင်းယူခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီက စကော့ပါကားရဲ့ နေရာမှာ အစားထိုးတာဝန်ယူခဲ့တဲ့ မာကိုဆေးလ်ဗားကတော့ ချန်ပီယံရှစ်ဆုဖလားကိုပါ ရယူနိုင်ဖို့ ပစ်မှတ်ထား နေတာပါ။

မာကိုဆေးလ်ဗား က “ဒီကလပ်အတွက် ကျနော်တို့လုပ်ဆောင်ခဲ့တဲ့ အောင်မြင်မှုအတွက် ဂုဏ်ယူရပါမယ်။ ဒီလို လုပ်ဆောင်နိုင်ဖို့ပဲ ကျနော်နဲ့ကျနော့်ရဲ့ အဖွဲ့ဝင်တွေက ဒီကိုရောက်ရှိလာခဲ့တာပါ။ ကစားသမားတွေရဲ့ အားထုတ်မှု မပါဘဲ ဒီလိုဖြစ်လာစရာအကြောင်းမရှိပါဘူး။ ရာသီတစ်လျှောက်လုံး ကျနော်တို့လွှမ်းမိုးထားတဲ့ ပုံစံတွေက တကယ်ကိုအံမခန်းပါဘဲ။ ဒါဟာ ကျနော်တို့အတွက် ကောင်းမွန်တဲ့ခရီးပါ။ အခုအချိန်မှာ သူတို့အတွက် အောင်ပွဲခံ ဂုဏ်ပြုပွဲလုပ်ပြီး ချန်ပီယံဆုယူဖို့ကြိုးစားရမယ့် အချိန်ပါပဲ” လို့ ပြောခဲ့ပါတယ်။

ဖူလ်ဟမ် အသင်းဟာ နောက်ဆုံး(၅)နှစ်အတွင်းမှာ ပရီးမီးယားလိဂ်ကို တတိယအကြိမ်မြောက် တန်းတက် နိုင်ခဲ့တာပါ။ သူတို့ဟာ ပရီးမီးယားလိဂ်ကို တန်းတက်လာပြီး တစ်ရာသီအကြာမှာပဲ ချန်ပီယံရှစ်ကို တန်းပြန် ဆင်းနေတာဖြစ်ပါတယ်။

မာကိုဆေးလ်ဗား က” ချန်ပီယံရှစ်နဲ့ ပရီးမီးယားလိဂ်ကြားက ကွာဟချက်က ပိုပြီး ကြီးမားပါတယ်။ ဒါကို ရာသီတိုင်းမှာ မြင်တွေ့နိုင်ပါတယ်။ တန်းတက်လာတဲ့ အသင်းတွေအနေနဲ့ သူတို့ လိုချင်တာ ကို ရအောင်လုပ်ဖို့ခက်ပါတယ်။ ဒါဟာ ခက်ခဲပေမယ့် စိန်ခေါ်မှုတစ်ခုပါ။ ဖူလ်ဟမ် ကို ပရီးမီးယားလိဂ်ကလပ် ဖြစ်အောင်လုပ်ရမယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဖူလ်ဟမ် အသင်းနဲ့အတူ ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်ကို တန်းဆင်းခဲ့တဲ့ ဘုန်းမောက် အသင်းကလည်း ပရီးမီးယား လိဂ်ကို တန်းပြန်တက်နိုင်ဖို့ အခြေအနေကောင်းနေခဲ့တာဖြစ်ပါတယ်။

Source:TheSun