CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၀

မန်ချက်စတာယူနိုက်တက် အသင်းဟာ လီဗာပူးလ် အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အရေးနိမ့်ပြီးနောက် ဒီ အသင်းဟာ သူကစားခဲ့တဲ့ အသင်းမဟုတ်တော့ဘူးလို့ ရွိုင်ကိန်းက ဝမ်းနည်းကြေကွဲစွာ ပြောလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီပွဲမှာ လီဗာပူးလ် အသင်းရဲ့ တစ်ဖက်သတ်ဖိကစားခြင်းကို ခံခဲ့ရတာ ဖြစ်ပြီး ဘောလုံးပေးပို့မှုကအစ လွဲချော်ခဲ့တာပါ။လီဗာပူးလ် အသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု (၇၂)ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှု(၁၄)ကြိမ် ဂိုးပေါက်တည့်မှု(၅)ကြိမ်ရှိခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်း ကတော့ ဘောလုံးပိုင်ဆိုင်မှု(၂၈)ရာခိုင်နှုန်း၊ဂိုးပေါက်ကန်သွင်းမှု(၂)ကြိမ်နဲ့ ဂိုးပေါက်တည့်မှု(၁)ကြိမ်သာ ရှိခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ လီဗာပူးလ် အသင်းကို အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လည်း ၅ ဂိုး - ဂိုးမရှိနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တာကြောင့် (၂)ပွဲပေါင်း ၉ ဂိုး - ဂိုးမရှိနဲ့ ဆိုးဆိုးရွားရွား အရေးနိမ့်ခဲ့ တာဖြစ်ပါတယ်။ အဲဒါကြောင့် မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက အသင်းရဲ့ အခြေအနေကို အလွန်စိတ်ပျက်နေတာပါ။

ရွိုင်ကိန်းက “အခုဒေါသမထွက်နိုင်တော့ပါဘူး။ ဝမ်းပဲဝမ်းနည်းတော့တာပါ။ သူတို့မှာ ခေါင်းဆောင်လည်း မရှိ၊အရည်အသွေးအပိုင်းကလည်း တော်တော်လေးကို အားနည်းနေပါတယ်။ သူတို့ဟာ နည်းပြသစ်လိုသလို ကစားသမား အပြောင်းအလဲပြုလုပ်ဖို့လည်း လိုပါတယ်။ ဒါတွေကို မြင်တွေ့ရတာ အလွန်ဝမ်းနည်းမိပါတယ်။ ဒီအသင်းဟာ ကျနော်ကစားခဲ့တဲ့ အသင်းမဟုတ်တော့ပါဘူး။ မြေဖြူခဲနဲ့ ဒိန်ခဲလိုပါပဲ”လို့ ပြောခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ပြန်လည်တည်ဆောက်ဖို့လိုတယ်လို့လည်း ရွိုင်ကိန်းက မှတ်ချက် ပေးခဲ့ပါသေးတယ်။ "ယူနိုက်တက်အနေနဲ့ ပြန်လည်တည်ဆောက်ဖို့လိုတယ်ဆိုတဲ့ စကားလုံးတွေကိုပဲ ကျနော် ပြန်သုံးရမှာပါ။ အသင်းအနေနဲ့ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့်(၆)နေရာမှာ ရပ်တည်နေတယ်ဆိုတာ မယုံနိုင် စရာပါပဲ။ အသင်းမှာ ခေါင်းဆောင်ပိုင်းမရှိဘူး။ စရိုက်လက္ခဏာတွေလည်းမရှိဘူး။ တိုက်ပွဲဝင်လိုစိတ်လည်း မရှိသလို ဘာဆုံးဖြတ်ချက်မှလည်း မရှိပါဘူး။ ဒီကလပ်က တော်တော်လေးဝေးကွာနေပါပြီ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီ ရှုံးပွဲကြောင့် အဆင့်(၄)နေရာက စပါးအသင်းထက်(၁)ပွဲပိုကစားထားပြီး (၃)မှတ်အကွာနဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့်(၆)နေရာမှာ ရပ်တည်နေတာပါ။ မန်ချက်စတာကလပ် ဟာ ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အာဆင်နယ် အသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါ တယ်။

Source:Goal