CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၁၃

မလေးရှားစူပါလိဂ်ဟာ တစ်ပတ်အကောင်းဆုံး အသင်းမှာ ပါဝင်တဲ့ ကစားသမားတွေကို ထုတ်ပြန်ခဲ့တာမှာ ဆီလန်ဂေါ အသင်းမှာ ကစားနေတဲ့ မြန်မာ့လက်ရွေးစင် ကစားသမား ဟိန်းထက်အောင် ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

ဆီလန်ဂေါ အသင်းက ကီဒတ်ရှ်အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ဟိန်းထက်အောင်ဟာ ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပြီး ခြေစွမ်း ပြသနိုင်ခဲ့တာပါ။ ဟိန်းထက်အောင်ဟာ ဒီပွဲမှာ ဂိုးသွင်း ယူနိုင်ခြင်းနဲ့ ဂိုးဖန်တီးနိုင်ခြင်း မရှိခဲ့ပေမယ့် ဆီလန်ဂေါ အသင်း နောက်ဆုံးသွင်းယူခဲ့တဲ့ ဂိုးမှာ သူ့ရဲ့ အားထုတ်မှုကြောင့် ရခဲ့တာ ဖြစ်ပါတယ်။

ဟိန်းထက်အောင်ဟာ ရာသီအစပွဲတွေမှာ ဆီလန်ဂေါ အသင်းကြီးအတွက် မပါဝင်ခဲ့ရပေမယ့် ပါဝင်ခွင့်ရခဲ့တဲ့ ကီဒတ်ရှ်နဲ့ ပွဲမှာတော့ ပရိသတ် သဘောကျမယ့် စွမ်းဆောင်ရည်ကို ပြသခဲ့တာပါ။ အဲ့ဒါကြောင့်လည်း မလေးရှားစူပါလိဂ်ရဲ့ တစ်ပတ်တာ အကောင်းဆုံးအသင်းမှာ ရွေးချယ်ခံရတာ ဖြစ်ပါတယ်။

ဟိန်းထက်အောင်ဟာ ကီဒတ်ရှ်နဲ့ပွဲက စွမ်းဆောင်ရည်ကြောင့် မလေးရှားဘောလုံးမဂ္ဂဇင်းရဲ့ တစ်ပတ်တာ အကောင်း‌ဆုံး အသင်းမှာလည်း ပါဝင်ခဲ့တာပါ။ ဟိန်းထက်အောင်ဟာ မြန်မာနေရှင်နယ်လိဂ်ကလပ် ဟံသာဝတီယူနိုက်တက် ကနေ ထွက်ခွာပြီး ၂၀၂၁ မှာ ဆီလန်ဂေါ အရန်အသင်းကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် ဟိန်းထက်အောင်ဟာ ဆီလန်ဂေါ အသင်းကြီးအတွက် ပါဝင် ကစားခွင့် ရနေခဲ့တာလည်း ဖြစ်ပါတယ်။