CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၉

ယူကရိန်းနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ထိခိုက်ခဲ့တဲ့ ကလေးငယ်တွေကို ကူညီဖို့ ဒေါ်လာ(၅)သိန်း လှူဒါန်းသွားမယ်လို့ နာမည်ကြီး တင်းနစ်ကစားသမား ဖက်ဒဲရားက ပြောပါတယ်။

ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်ဝင်ရောက်ခဲ့တဲ့ ပြီးခဲ့တဲ့ လကစပြီး ကလေးငယ် အများစုပါဝင်တဲ့ လူပေါင်း(၃)သန်း ကျော်ဟာ နိုင်ငံအတွင်းကနေ ထွက်ပြေးခဲ့ကြတယ်လို့ UN က ပြောထားပါတယ်။ ဒီနောက်မှာတော့ ဖက်ဒဲရားက သူ့ရဲ့ ဖောင်ဒေးရှင်းကနေ ငွေကြေးတွေ လှူဒါန်းသွားမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

“ကျနော်နဲ့ ကျနော့်ရဲ့ မိသားစုဟာ ယူကရိန်းက ပုံတွေကို မြင်ရတဲ့အချိန်မှာ အလွန်ထိတ်လန့် ဖြစ်မိသွားပါတယ်။ ဆိုးရွားစွာ ထိခိုက်ခံစားခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူတွေ အတွက်လည်း နာကျင်ခဲ့ရပါတယ်။ ငြိမ်းချမ်းရေးအတွက် ကျနော်တို့ ရပ်တည်နေပါ တယ်”လို့ ဖက်ဒဲရားက သူ့ရဲ့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ဒါ့အပြင် ဖက်ဒဲရားက “စောင့်ရှောက်မှုလိုအပ်နေတဲ့ ယူကရိန်းက ကလေးတွေကို အကူအညီပေးသွားမှာပါ။ ယူကရိန်းက ကလေးငယ် (၆)သန်းခန့်ဟာ လက်ရှိအချိန်မှာ ကျောင်းမတက်ပဲ နေနေရပါတယ်။ ပညာသင်ကြား ခွင့်ရဖို့က အလွန်အရေး ကြီးတဲ့ အချိန်ဖြစ်တယ်ဆိုတာကို ကျနော်တို့ သိပါတယ်။ ဒီလိုဆိုးရွားလှတဲ့ အတွေ့အကြုံတွေကို ကိုင်တွယ်ဖြေရှင်းဖို့ သူတို့ကို ပံ့ပိုးပေးချင်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။

ယူကရိန်းက ဒုက္ခသည်များ(GETTY IMAGES)

စပိန်ကလပ် ရီးရယ်လ် အသင်းကလည်း အခုတစ်ပတ် အစောပိုင်းက ကြက်ခြေနီနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) အပါအဝင် ပရဟိတလုပ်ငန်းတွေအတွက် ယူရို(၁)သန်း လှူဒါန်းခဲ့ပါတယ်။

ချယ်လ်ဆီး အသင်းနဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ယှဉ်ပြိုင်မယ့် မယ်ဒယ်ဘရော့ အသင်းက ယူကရိန်းမှာရှိတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးဖို့အတွက် ဂိတ်ဖြတ်ပိုင်းကနေ ရရှိတဲ့ ငွေကြေးကို လှူဒါန်းသွား မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

စကော့တလန် ကလပ်တွေဖြစ်တဲ့ ရိန်းဂျားစ်နဲ့ ဆဲလ်တစ် အသင်းတို့ကလည်း သူတို့ရဲ့ ရန်ပုံငွေတွေကို စုဆောင်းကြပြီး ယူကရိန်း ဒုက္ခသည်တွေအတွက် လှူဒါန်းမှုပြုလုပ်ခဲ့ပါတယ်။

မတ်လ ၂၄ ရက်မှာ ကစားမယ့် စကော့တလန်နဲ့ပိုလန် လက်ရွေးစင် အသင်းတို့ရဲ့ ခြေစမ်းပွဲကနေ ရရှိလာမယ့် ကွင်းဝင်ကြေး တွေကို ယူကရိန်းအတွက် လှူဒါန်းသွားမယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် အခြား အားကစားသမားတွေနဲ့ ကလပ်အသင်း တွေကလည်း ယူကရိန်းအတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြပါသေးတယ်။

Source: BBC