CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဘရိုက်တန်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဂိုးသွင်းယူခဲ့ပြီးနောက် (၆)ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဘန်လေ အသင်းနဲ့ပွဲမှာ နောက်ဆုံးသွင်းဂိုးကို ရယူထားနိုင်တာ ဖြစ်ပါတယ်။

ဘရိုက်တန်နဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးဟာ ရော်နယ်ဒိုအတွက် ၂၀၂၂ အတွင်းမှာ ပထမဆုံးရယူခဲ့တဲ့ ဂိုးလည်း ဖြစ်ခဲ့တာပါ။ ရော်နယ်ဒိုဟာ ဒီပွဲရဲ့ ဒုတိယပိုင်းမှာ ဘရိုက်တန်အသင်းဘက်ကို ကန်ချက်အားပြင်းပြင်းနဲ့ ဂိုးသွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းက ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် ဒုတိယဂိုးကို ဘရူနိုဖာနန်ဒက်စ်က သွင်းယူခဲ့တာပါ။ မန်ချက်စတာယူနိုက်တက် အသင်းအတွက်လည်း ပရီးမီးယားလိဂ်မှာ နိုင်ပွဲပျောက်ဆုံးမှုကို အဆုံးသတ် နိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာကလပ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၂)ပွဲဖြစ်တဲ့ ဘန်လေနဲ့ ဆောက်သမ်တန်တို့ပွဲမှာ သရေကျ ခဲ့ပြီး ရမှတ်တွေ ဆုံးရှုံးခဲ့တာပါ။

ရော်နယ်ဒိုကိုတွေ့ရစဉ်(Blogtuan)

ရော်နယ်ဒိုက “လမ်းကြောင်းပေါ် ပြန်တက်နိုင်ပါပြီ။ ဘယ်သူကမှ အရှုံးမပေးဘဲ လမ်းကြောင်းပေါ် ပြန်တက်နိုင်ဖို့က တစ်ခု တည်းသော နည်းလမ်းရှိပါတယ်။ ကြိုးစားမှု၊ အသင်းအဖွဲ့လိုက် လုပ်ဆောင်မှုနဲ့ လေးလေးနက်နက် အလုပ်လုပ်မှုတွေပါ။ အခြားအရာတွေ အားလုံးက ဆူညံသံတွေ ဖြစ်တယ်”လို့ တွစ်တာမှာ ရေးသားထားခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီပွဲအနိုင်ကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်(၄)နေရာကို တက်လှမ်း နိုင်ခဲ့တာပါ။ ယာယီနည်းပြ ရက်ဂ်နစ်ကလည်း ရော်နယ်ဒိုရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးသွားခဲ့ပါတယ်။

၎င်းက “ဒီပွဲမှာ သူ့ရဲ့ စွမ်းဆောင်ရည်က ကျနော်အသင်းကို ရောက်လာပြီးကတည်းက အကောင်းဆုံးတွေထဲက တစ်ခုပါ။ အလွန်ကောင်းမွန်တဲ့ ဂိုးကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။ သူဟာ အသင်းဖော်တွေကိုလည်း ကူညီဖို့ အမြဲတမ်း ကြိုးစားနေခဲ့ ပါတယ်။ သူ အကောင်းဆုံး လုပ်နိုင်တာက ကျနော်တို့အတွက် အလွန်အရေးကြီးပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီတပတ်ထဲမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လိဒ်စ်ယူနိုက်တက် အသင်းနဲ့ ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။

Source: Metro