CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆

ရီးရယ်လ် အသင်းနည်းပြ အန်ဆယ်လော့တီက ဘတ်ပီဟာ ဥရောပရဲ့ အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ ချီးကျူးခဲ့ပါ တယ်။
ဖေဖော်ဝါရီ ၁၆ ရက် မနက်ပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ပီအက်စ်ဂျီ အသင်းဟာ ရီးရယ်လ် အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို တိုက်စစ်မှူး ဘတ်ပီက ပွဲပြီးခါနီး နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ သွင်းယူခဲ့တာပါ။

ပီအက်စ်ဂျီ တိုက်စစ်မှူးဟာ ရီးရယ်လ် နောက်ခံလူတွေကို ကျော်ဖြတ်ပြီး လှပတဲ့ သွင်းဂိုး တစ်ဂိုးကို သွင်းယူခဲ့တာ ဖြစ်ပါ တယ်။ ပီအက်စ်ဂျီ အသင်းဟာ ဒီပွဲမှာ ရီးရယ်လ်အသင်းကို ဂိုးပေါက်ကန်သွင်းမှုရော ဂိုးပေါက် ထိရောက်မှု အပိုင်းမှာပါ သိသိသာသာ အသာစီးရယူနိုင်ခဲ့တာကို တွေ့ခဲ့ရတာပါ။

ဒီပွဲမှာ ပီအက်စ်ဂျီအသင်း ပင်နယ်တီ ကန်သွင်းခွင့်ရခဲ့ပြီး မက်ဆီရဲ့ ကန်သွင်းချက်ကို ရီးရယ်လ် ဂိုးသမား ကော့တွိုက်စ် ကာကွယ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရီးရယ်လ် အသင်းနည်းပြ အန်ဆယ်လော့တီ ကတော့ ဘတ်ပီကို ချီးကျူးခဲ့သလို ပီအက်စ်ဂျီအသင်း နိုင်ပွဲရဖို့ ထိုက်တန်ခဲ့တယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာဖြစ်ပါတယ်။

အန်ဆယ်လော့တီကိုတွေ့ရစဉ်(BeSoccer)

အန်ဆယ်လော့တီက “ဘတ်ပီဟာ ဥရောပရဲ့ အကောင်းဆုံး ကစားသမားပါ။ ပီအက်စ်ဂျီအသင်း အနိုင်ရဖို့ ထိုက်တန်ပါတယ်။ သူတို့ဟာ ကျနော်တို့ ထက် ပိုကောင်းအောင် ကစားသွားနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီရဲ့ ဖိအားပေးမှုကို ကျော်ဖြတ်နိုင်ဖို့ ရုန်းကန် ခဲ့ရပါတယ်။ ကျနော် တို့ ဘောလုံးကို ကောင်းမွန်စွာ မကစားနိုင်ခဲ့ပါဘူး”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

၎င်းက အိမ်ကွင်းမှာ ကစားမယ့် ဒုတိယအကျော့ပွဲစဉ်မှာ အသင်းအနေနဲ့ အကောင်းဆုံး လုပ်နိုင်မယ်ဆိုတာကို ယုံကြည်နေ တာပါ။
အန်ဆယ်လော့တီက “ကျနော်တို့ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်တာကြောင့် ယုံကြည်မှုပိုပြီး ရှိပါတယ်။ ပီအက်စ်ဂျီ ကတော့ ပိုကောင်းတဲ့ အခွင့်အရေး ရနေတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒီပြိုင်ပွဲမှာ ကျနော်တို့ ရှုံးနိမ့်သေးတာ မဟုတ်ပါဘူး”လို့ ပြောပါတယ်။

ချန်ပီယံလိဂ်(၁၆)သင်း အဆင့်ရဲ့ ပထမအကျော့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ စပို့တင်းလစ္စဘွန်းနဲ့ မန်စီးတီးအသင်းတို့ ပွဲမှာတော့ ဧည့်သည် မန်စီးတီး အသင်းက ၅ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီး အသင်းဟာ ဒုတိယအကျော့ ကစားဖို့ ရှိနေပေမယ့် ဒီပွဲအနိုင်ကြောင့် ကွာတားဖိုင်နယ် တက်ရောက်ဖို့ သေချာသလောက် ရှိသွားတာလည်း ဖြစ်ပါတယ်။

Source: BeSoccer