CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅

မနက်ဖြန် မနက်ပိုင်းမှာတော့ ဘောလုံးအားကစား ဝါသနာရှင်တွေ စောင့်မျှော်နေကြတဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ပွဲစဉ်တွေရဲ့ ပထမအကျော့ပွဲစဉ်တွေ ယှဉ်ပြိုင်ကြတော့မှာ ဖြစ်ပါတယ်။ ပရိသတ်တွေ အထူးစိတ်ဝင်စားနေတဲ့ ပီအက်စ်ဂျီနဲ့ ရီးရယ်လ်၊ စပို့တင်းလစ္စဘွန်းနဲ့ မန်စီးတီး အသင်းတို့ ယှဉ်ပြိုင်ကြမှာပါ။ ဒီ(၂)ပွဲရဲ့ ပွဲကြိုအချက်အလက်တွေကို ဖော်ပြပေးသွား မှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီနဲ့ ရီးရယ်လ်
*******************
ချန်ပီယံလိဂ်(၁၆)သင်းအဆင့်ရဲ့ အကောင်းဆုံးပွဲအဖြစ် အားလုံးက သတ်မှတ်ထားတာပါ။ ချန်ပီယံလိဂ်ရဲ့ အအောင်မြင်ဆုံး ရီးရယ်လ်နဲ့ အခုနှစ်မှာ ချန်ပီယံလိဂ်ကို ပထမဆုံးအကြိမ်ရယူဖို့ အားဖြည့်ထားတဲ့ ပီအက်စ်ဂျီ အသင်းတို့ ယှဉ်ပြိုင်ကြမှာ ဖြစ် ပါတယ်။ (၂)သင်းလုံးဟာ ပြည်တွင်းလိဂ်တွေမှာ ရလဒ်ကောင်းတွေ ရယူထားပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည် နေကြတာပါ။

ပီအက်စ်ဂျီ အသင်းမှာ ရီးရယ်လ် အသင်းခေါင်းဆောင်ဟောင်း ရာမို့စ် ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒဏ်ရာ ကြောင့် အနားယူနေရတဲ့ နေမာကလည်း အသင်းနဲ့အတူ လေ့ကျင့်မှုတွေ အပြည့်အဝပြန်လည် ပြုလုပ်နေတာကြောင့် ဒီပွဲမှာ ပါဝင်လာနိုင်ဖွယ် ရှိနေတာပါ။
ရီးရယ်လ် အသင်းမှာတော့ မာရီယာနိုဒီယတ်ဇ်သာ မပါဝင်နိုင်တာ ဖြစ်ပါတယ်။ ရီးရယ်လ် ကစားသမားတွေဖြစ်တဲ့ ကတ်စမဲ ရိုးနဲ့ မန်ဒီတို့ဟာ ဒီပွဲမှာ အဝါကတ်ထိရင် နောက်ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။

ဒီပွဲရဲ့ ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်းမှာ ပီအက်စ်ဂျီ အသင်းက နာဗတ်စ်၊ ဟာကီမီ၊ မာကွင်ဟို၊ ကင်ပန်မ်ဘီ၊ နူနိုမန်ဒက်စ်၊ ဒါနီလို၊ ပါရီဒတ်စ်၊ ဗာရတ်တီ၊ ဒီမာရီယာ၊ မက်ဆီနဲ့ ဘတ်ပီ တို့ကို အသုံးပြုလာနိုင်တာပါ။ ရီးရယ်လ် အသင်းမှာတော့ ကော်တွိုက်စ်၊ ကာဗာဂျဲလ်၊ မီလီတာအို၊ အလာဘာ၊ မန်ဒီ၊ တိုနီကရူးစ်၊ ကတ်စမဲရိုး၊ မိုဒရစ်၊ အဆန်စီယို၊ ဘန်ဇီမာ၊ ဗီနီစီးယတ်စ်တို့ ပွဲထွက်လာနိုင်ပါတယ်။
ထိပ်တိုက် တွေ့ဆုံမှုမှာ ရီးရယ်လ် အသင်းက အသာရထားပေမယ့် ဒီပွဲမှာ အိမ်ရှင် ပီအက်စ်ဂျီ အသင်းက ရလဒ်ကောင်း ရယူနိုင်မယ်လို့ ထင်မြင်မိပါတယ်။


စပို့တင်းလစ္စဘွန်းနဲ့ မန်စီးတီး
**************************
ပြီးခဲ့တဲ့ရာသီက ပေါ်တူဂီလိဂ်ချန်ပီယံ စပို့တင်းလစ္စဘွန်းအသင်းနဲ့ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ မန်စီးတီး အသင်းတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ စပို့တင်းလစ္စဘွန်း အသင်းဟာ ပြည်တွင်းလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေပြီး မန်စီးတီး အသင်းကတော့ ပရီမီးယားလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာပါ။

စပို့တင်းလစ္စဘွန်း အသင်းမှာ ဒဏ်ရာ အခြေအနေ ကင်းစင်နေပြီး ဖက်ဒဲလ်၊ နူနက်စ်၊ ပေါ်လင်ဟာနဲ့ ပိုရိုတို့ကတော့ ဒီပွဲမှာ အဝါကတ်ထိရင် နောက်ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။ မန်စီးတီး အသင်းမှာ ဝေါ်လ်ကာ ပွဲပယ်ခံထားရပြီး ဂျီးဆပ်စ်နဲ့ ဂရီလစ်ရှ် တို့ ဒဏ်ရာရရှိနေတာပါ။ ကန်ဆယ်လိုနဲ့ ဒီဘရိုင်းတို့ကတော့ ဒီပွဲမှာ အဝါကတ်ထိရင် နောက်ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။

စပို့တင်းလစ္စဘွန်းအသင်းရဲ့ ဖြစ်နိုင်ဖွယ် ပွဲထွက် လူစာရင်းမှာတော့ အဒမ်၊ အင်အာစီယို၊ ကိုအာတက်စ်၊ ဖက်ဒဲလ်၊ ပေါ်ရို၊ ပေါ်လင်ဟာ၊ နူနက်စ်၊ မက်သရူး၊ ဆာရာဘီယာ၊ ပေါ်လင်ဟိုနဲ့ ပတ်ဒရိုတို့ ပွဲထွက်လာဖွယ်ရှိနေ တာပါ။ မန်စီးတီး အသင်း မှာတော့ အီဒါဆန်၊ ဂျွန်စတုန်းစ်၊ ရူဘင်ဒီယတ်ဇ်၊ လာပေါ်တေး၊ ကန်ဆယ်လို၊ ဒီဘရိုင်း၊ ရိုဒရီ၊ ဘာနာဒို ဆေးလ်ဗား၊ မာရတ်စ်၊ ဖိုဒန်နဲ့ စတာလင်တို့ ပွဲထွက်လာနိုင်ပါတယ်။

ပေါ်တူဂီ ကလပ်အနေနဲ့ ဒီပွဲမှာ မန်စီးတီး အသင်းရဲ့ တိုက်စစ်ကို ထိန်းချုပ်ဖို့ ကြိုးစားပြီး တန်ပြန်တိုက်စစ်တွေနဲ့ ကစားဖို့ ရှိပေမယ့် မန်စီးတီး အသင်းကပဲ အနိုင်ရသွားမယ်လို့ သုံးသပ်မိပါတယ်။