ကြောင်ကို ကန်ခဲ့မိလို့ စပွန်ဆာများ ဖျက်သိမ်းခံရပြီး ဒဏ်ငွေချမှတ်ခံရတဲ့ ဇူးမား

CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀

ဝက်စ်ဟမ်း အသင်းနောက်ခံလူ ဇူးမားအား ၎င်းရဲ့နေအိမ်မှာမွေးထားတဲ့ကြောင်ကို ကန်ခဲ့တဲ့ ဗီဒီယိုကြောင့် Adidas ကုမ္ပဏီက ၎င်းနဲ့ ချုပ်ဆိုထားတဲ့ စပွန်ဆာစာချုပ်ကို ဖျက်သိမ်းလိုက်တယ်လို့ The Sun သတင်းမှာ ဖော်ပြထားပါတယ်။

တိရစ္ဆာန်တွေ အပေါ် ရက်စက်ကြမ်းကြုတ်မှုတားဆီးရေးတော်ဝင်အဖွဲ့အစည်း(RSPCA) ကလည်း သူ့ရဲ့ ကြောင်နှစ်ကောင်ကို ပြန်လည်သိမ်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ကလပ်အသင်းကလည်း ပေါင်(၂ သိန်းခွဲ) ဒဏ်ကြေး ချမှတ်ခဲ့ပြီး အသင်းရဲ့လူစာရင်းကနေလည်း ချန်လှပ်ခဲ့တာပါ။ ဇူးမားကို တရားစွဲဖို့ လူပေါင်းထောင်နဲ့ချီပြီးတောင်းဆိုထားတာကြောင့် စပွန်ဆာတွေဟာ ပြင်သစ်နောက်ခံလူကို ကျောခိုင်းခဲ့တာဖြစ်ပါတယ်။ အားကစားကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Adidas ကလည်း ၎င်းတို့ ရဲ့ ဖိနပ်စပွန်ဆာပေးထားမှု သဘောတူညီချက်ကို ဆုံးရှုံးခဲ့ပြီဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဇူးမားဟာ သူတို့နဲ့ စာချုပ်ချုပ်ဆိုတဲ့သူ မဟုတ်တော့ဘူးလို့ ပြောခဲ့တာပါ။

Vitality UK ဆိုတဲ့ ကျန်းမာရေးအာမခံကုမ္ပဏီကလည်း ဇူးမားကို ဝက်ဖိုဒ့်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ကန်ခွင့်ပေးခဲ့တဲ့အတွက် ဝက်စ်ဟမ်း အသင်းကို စပွန်ဆာပေးမှု ဆိုင်းငံ့ထားတယ်လို့ ပြောခဲ့တာဖြစ်ပါ တယ်။ ဘဏ္ဍာရေး ကုမ္ပဏီ Yield APP နဲ့ ခရီးသွားကုမ္ပဏီတခုကလည်း စပွန်ဆာပေးထားတဲ့ သဘောတူညီချက် တွေကို ပြန်လည်သုံးသပ်နေတယ်လို့ ပြောခဲ့တာပါ။

ဝက်စ်ဟမ်း အသင်းကတော့ ဇူးမားကို အမြင့်ဆုံး (၂)ပတ် လုပ်ခလစာ ပေါင်(၂)သိန်းခွဲ ဒဏ်ကြေးချမှတ်ခဲ့ပြီး တိရစ္ဆာန်စောင့်ရှောက်ရေး ပရဟိတအဖွဲ့ကို လှူဒါန်းမှာဖြစ် တယ်လို့ ပြောထားတာဖြစ်ပါတယ်။

RSPCA က “ကြောင်တွေကို တိရစ္ဆာန်ဆေးကုခန်းမှာ ဆေးစစ်ဖို့ ခေါ်သွားခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင် နေချိန်မှာတော့ ကျနော်တို့ရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိနေမှာပါ”လို့ ပြောခဲ့တာပါ။

ဝက်စ်ဟမ်း အသင်း ကတော့ ဇူးမားကို ဒဏ်ကြေးငွေအပြင် နောက်ထပ်ပြစ်ဒဏ်အနေနဲ့ တနင်္ဂနွေနေ့မှာ ကစားမယ့် လက်စတာ အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ အသင်းလူစာရင်းကနေ ထုတ်ပယ်ထားတာဖြစ်ပါတယ်။ ဇူးမား ဟာ ဝက်စ်ဟမ်း နဲ့ ဝက်ဖိုဒ့််အသင်းတို့ ကစားခဲ့တဲ့ပွဲမှာ နှစ်ဖက်အသင်းပရိသတ်တွေရဲ့ ကျယ်လောင်စွာ လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်က စတင်ခဲ့တဲ့ တိရစ္ဆာန်စောင့်ရှောက်ရေး ဥပဒေသစ်အရ အပြင်းထန်ဆုံးပြစ်မှုနဲ့ ပြစ်ဒဏ်ထင်ရှား ခဲ့မယ်ဆိုရင် ဗြိတိန်မှာ ထောင်ဒဏ်(၅)နှစ်အထိ ကျခံရနိုင်တယ်လို့ သတင်းမှာ ဖော်ပြထားတာဖြစ်ပါတယ်။

Source:TheSun