CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀
ဆီနီဂေါအသင်း ဂိုးသမား မန်ဒီက အီဂျစ်ဂိုးသမား ဂါဘာစကီးပဲ အာဖရိကဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး ဂိုးသမားအဖြစ် သတ်မှတ်ခံရသင့်တယ်လို့ ပြောလိုက်ပါတယ်။
မန်ဒီဟာ ဆီနီဂေါအသင်းက အီဂျစ်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ အာဖရိကဖလား ဗိုလ်လုပွဲမှာ အကောင်းဆုံး လက်စွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်ဒီဟာဆိုရင် ကိုဗစ်ကူးစက်မှုကြောင့် အုပ်စုအဖွင့်ပွဲစဉ် ၂ ပွဲကို မပါဝင် နိုင်ခဲ့ပေမယ့် ပါဝင်ကစားခဲ့တဲ့ ၅ ပွဲမှာ ၃ ပွဲ ဂိုးမပေး ရအောင် စွမ်းဆောင်နိုင်ခဲ့သလို ပေးဂိုး ၂ ဂိုးသာ ခွင့်ပြုခံခဲ့ရတာပါ။
ဂါဘာစကီးကတော့ အီဂျစ်အတွက် ၄ ပွဲ ပါဝင်ကစားခဲ့ရပြီး ပေးဂိုး ၁ ဂိုးသာ ခွင့်ပြုခံခဲ့ရကာ အကောင်းဆုံး လက်စွမ်းတွေနဲ့ ဗိုလ်လုပွဲကို ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂါဘာစကီးဟာ ဒီပြိုင်ပွဲမှာ ပင်နယ်တီ ၈ ကြိမ် ကာကွယ် နိုင်ခဲ့တာကြောင့် အကောင်းဆုံးဂိုးသမားဆုကို မန်ဒီအစား သူပဲရသင့်တယ်လို့ လူအများအပြားက ပြောခဲ့ကြတာပါ။
အီဂျစ်ဂိုးသမား ဂါဘာစကီးကိုတွေ့ရစဉ်(Sports)
ဒီဆုကို ရယူခဲ့တဲ့ မန်ဒီ ကိုယ်တိုင်ကလည်း ဒါကို သဘောတူခဲ့တာ ဖြစ်ပါတယ်။
မန်ဒီက “ရိုးရိုးသားသား ပြောရရင် ဂါဘာစကီးက ဒီပြိုင်ပွဲရဲ့ အကောင်းဆုံး ဂိုးသမားပါ။ ကျနော် သူနဲ့ စကားပြောခဲ့ပြီးပါပြီ။ သူကလည်း ဒီပြိုင်ပွဲရဲ့ အကောင်းဆုံး ဂိုးသမားဆုကို ရယူနိုင်ဖို့ ထိုက်တန်ပါတယ်။ ဒီပြိုင်ပွဲမှာ သူ့ရဲ့ စွမ်းဆောင်ပုံတွေကို ကျနော် အလွန်သဘောကျပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ဂါဘာစကီးဟာ ဗိုလ်လုပွဲရဲ့ ပွဲချိန်မိနစ် ၁၂၀ အတွင်းမှာ ၈ ကြိမ် ဂိုးကာကွယ်ခဲ့ပြီးနောက် ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆု ကို ရယူနိုင်ခဲ့တာပါ။ အီဂျစ် ဂိုးသမားဟာ ဆီနီဂေါအသင်းရဲ့ ပင်နယ်တီ ကန်သွင်းမယ့် သူတွေ အားလုံးကို သူ့ရဲ့ ရေဗူးမှာ မှတ်ထားခဲ့ပေမယ့် အရေးနိမ့် သွားခဲ့တာလည်း ဖြစ်ပါတယ်။
ဂါဘာစကီးဟာ အိုင်ဗရီကို့စ်နဲ့ ၁၆ သင်းအဆင့်၊ ကင်မရွန်းနဲ့ အကြိုဗိုလ်လုပွဲတွေမှာ အီဂျစ်အသင်း အနိုင်ရရှိအောင် ပင်နယ်တီ အဆုံးအဖြတ်မှာ လက်စွမ်းပြသ နိုင်ခဲ့တာပါ။
ဂါဘာစကီးဟာ ဗိုလ်လုပွဲရဲ့ ပွဲချိန်အတွင်းမှာ မာနေးရဲ့ ပင်နယ်တီ ကန်သွင်းမှုကို ကာကွယ်နိုင်ခဲ့ပေမယ့် ပင်နယ်တီ အဆုံး အဖြတ်မှာတော့ မာနေးရဲ့ ပင်နယ်တီဂိုးကို မကာကွယ်နိုင်ခဲ့တာကြောင့် အီဂျစ်အသင်း ဒုတိယသာ ရရှိခဲ့တာ ဖြစ်ပါတယ်။
Source: The Sun