CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၂
မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အိန္ဒိယနှင့် ချိတ်ဆက်ထားသည့် ပန် ဆောင်နယ်စပ်ဂိတ်သည် မိမိတို့ ဒေသခံတိုင်းရင်းသားများအတွက် အရေးကြီးကြောင်း၊ လူမျိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကုန်စည်စီးဆင်းမှုနှင့်ပတ်သက်ပြီး ကုန်ကျစရိတ်အားဖြင့်လည်း သက်သာကြောင်း ညီညွတ်သော တန်ရှန်းနာဂကောင်စီဥက္ကဋ္ဌ ဦးချစ်ယောင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဂိတ်ပိတ်တာနဲ့ ဆက်စပ်ပြီးတော့ အဓိက,ကတော့ သူတို့အခြေခံထားတဲ့ ဟိုတလောက အဲဒီနယ်စပ် ခြံ စည်းရိုးကာတဲ့ လုပ်ငန်းကို ဒီဘက်က အဖွဲ့အစည်းတစ်ခုက သွားပြီးတော့ လက်နက်နဲ့ပစ်ခတ်တယ်ပေါ့၊ အဲဒီဟာ ကို အကြောင်းပြုပြီးတော့ လုံခြုံရေးအရဆိုပြီးတော့ ပိတ်လိုက်တဲ့ သဘောမျိုးကို တွေ့ရတယ်။ အခုလက်ရှိ အနေ အထား သူတို့ အဲဒီလို ပိတ်လိုက်တော့လည်း ဒီဘက်က ပြည်သူလူထုအတွက် ခါတိုင်းသွားလာနေကြ ရောင်းဝယ် နေကြ ဒီကုန်ပစ္စည်းတွေ၊ ပြီးတော့ ဆွေမျိုးသားချင်းအလိုက် သွားကြလာကြရတဲ့ လုပ်ငန်းစဥ် အတွက်တော့ နည်း နည်းလေးတော့ ပြည်သူလူထုတွေ အခက်တွေ့တာပေါ့။ သို့သော် ကြားရသလောက်က စပြီးတော့ဖွင့်ဖို့တော့ လုပ် နေကြတယ်ပေါ့။ အဓိက အရေးကြီးတဲ့ အပိုင်းတွေဖြစ်တဲ့ ဒီ တည်ဆောက်ရေး လုပ်ငန်းနဲ့ စက်သုံးဆီ ကိစ္စလေး တွေကို သွားလာဝယ်ယူခွင့်ရှိတာပေါ့။ ဟိုအရင်ကလို လွတ်လွတ်လပ်လပ် ဒီဘက်က ပြည်သူလူထုတွေ သွားလာ တဲ့ အဆင့်ထိတော့ မရောက်သေးဘူးပေါ့။ ထောက်ခံချက်နဲ့ ဒီဘက်အစိုးရရဲ့ ထောက်ခံချက်နဲ့ ဒီဆီတွေ ပစ္စည်း တွေ လိုအပ်တဲ့ဟာ မှာယူမယ်ဆိုရင်တော့ အဲဒီလိုတော့စပြီး ပေးနေပြီလို့တော့ အကြမ်းဖျင်း သိရတယ်။ ကျနော် တို့ ဒီနယ်စပ် ဒီပန်ဆောင်ဂိတ်ကတော့ ကျနော်တို့ ဒီမြန်မာပြည်မှာရှိနေတဲ့ ဒေသခံ တိုင်းရင်းသားတွေ အတွက်က အရေးကြီးတာပေါ့။ အရေးကြီးတယ်ဆိုတာ ဘာကြောင့်လဲဆိုရင် နီးလည်းနီးစပ်တယ်၊ လမ်းကြောင်းလည်း သင့် တယ်၊ တောက်လျောက် လူမျိုးရေးကိစ္စပဲဖြစ်ဖြစ်၊ ကျန်းမာရေး၊ ပညာရေးကိစ္စ အဆုံးပေါ့ အားလုံးကလည်း သူတို့ ဆီကရတာ နီးလည်းနီးနေသလို ကုန်ကျစရိတ်အားဖြင့်လည်း သက်သာတယ်”ဟု ပြောသည်။

ညီညွတ်သော တန်ရှန်းနာဂကောင်စီဥက္ကဋ္ဌ ဦးချစ်ယောင်းကို တွေ့ရစဉ်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် အိန္ဒိယနိုင်ငံ နယ်စပ်တွင် အစိုးရနှစ်ရပ် အသိအမှတ်ပြုထားသည့် တရားဝင် နယ်စပ်ဂိတ် ၁ ခုသာရှိပြီး၊ အဆိုပါ ဂိတ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂဒေသ၊ နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့ တွင် တည်ရှိပြီး အိန္ဒိယနိုင်ငံ၊ အရူနာချာပရာဒေ့ရှ်ပြည်နယ်၊ နန်ပေါင်ဒေသသို့ ချိတ်ဆက်ထားသည်။
နာဂဒေသသည် မြန်မာပြည်မကြီးဘက်၌ ကုန်စည်ပို့ဆောင်ရေး လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသော ကြောင့် ဆေးဝါးနှင့် အခြေခံ စားသောက်ကုန်များကို အိန္ဒိယနိုင်ငံဘက်မှ အဓိက တင်သွင်းရသည်။
ပန်ဆောင်ဂိတ် ဖွင့်ခြင်းအားဖြင့် မြို့နယ် ၄ မြို့နယ်လောက်ထိ မှီခို၍ရပြီး ထိုလမ်းကြောင်းကို အစဥ်အမြဲဖွင့် စေချင်ကြောင်း နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)အဖွဲ့မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးချင်းမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နဂိုအတိုင်းပဲ ပြန်ဖွင့်လိုက်ပြီ။ သူက အဓိကတော့ စားဝတ်နေရေး၊ ကျန်းမာရေးတော့ အဓိက ဦးစားပေး တာပေါ့။ ပန်ဆောင်ဂိတ်ကတော့ တကယ် အရေးလည်းကြီးတာပေါ့။ ပန်ဆောင်ဂိတ် ဖွင့်ခြင်းအားဖြင့် ဘာဖြစ် သလဲဆို ကျနော်တို့ ဟိုဟာထိ မှီခိုလို့ရတယ်။ ကျနော်တို့ ဒုံဟီး (သို့) တုံဟီးမြို့နယ်၊ နန်းယွန်း၊ ဒုံဟီး၊ နောက်ဆုံး ရှင်ဗွေယန်၊ တနိုင်းပေါ့ဗျာ။ အဲဒီအိန္ဒိယရဲ့ ကုန်သွယ်စည်းဆင်းမှု အားလုံးက အဲဒီကနေ အဓိက အရေးကြီးတဲ့ ကိစ္စဖြစ်လို့ အဓိကတော့ နာဂဒေသအတွက်တော့ လွမ်းခြုံတာပေါ့။ အဲဒါလေးကိုတော့ ကျနော်တို့ကတော့ အစဥ် အမြဲ ဒီလမ်းကြောင်းလေးကိုတော့ ဖွင့်စေချင်တယ်။ သူတို့ကတော့ ဒီတိုင်း သတ်မှတ်ထားတာရှိတယ်။ ဆီတို့၊ ဘာတို့ အကန့်အသတ်နဲ့ သူတို့အဲဒီလိုပဲ သယ်ခိုင်းတာရှိတယ်ဗျ။ ဆီတို့ ဘာတို့ကျတော့ သူတို့က အများကြီးတော့ မတင်ခိုင်းဘူး။ တစ်ရက်ကို ဟိုဘယ်နှစ်လီတာဆိုတဲ့ အကန့်အသတ်လေးတော့ ရှိတယ်ဗျ”ဟု ပြောသည်။

နာဂဒေသကို တွေ့ရစဉ်
မြန်မာပြည်မကနေ နာဂဒေသသို့ ကုန်စည်ပို့ဆောင်ရာတွင် လမ်းကြောင်း နှစ်ကြောင်းရှိကြောင်း၊ ထိုလမ်း ကြောင်းများကတော့ မုံရွာ-ဟုမ္မလင်း-ခန္တီးမှ နာဂဒေသသို့ ချင်းတွင်းမြစ်ကို အသုံးပြု၍ ရေလမ်းကြောင်းနှင့် မုံရွာ- ဟုမ္မလင်း-ခန္တီးမှ နာဂဒေသသို့ မဟာမြိုင်လမ်း သို့မဟုတ် ယာကြီးလမ်းကို အသုံးပြု၍ ကုန်းလမ်းကြောင်းတို့ ဖြစ်သည်။
သို့သော် အဆိုပါ လမ်းကြောင်း နှစ်ခုအနက် ရေလမ်းကြောင်းတွင် ရွှေပြည်အေးမြို့မှာ KIA-PDF ပူးပေါင်း၍ ဂိတ် ဖွင့်ကာ ပိုက်ဆံတောင်းခြင်းနှင့် ကုန်စည်များ သယ်ယူခွင့် မပြုဘဲ ပြတ်တောက်ထားသလို မုံရွာ- ဟုမ္မလင်း ယာကြီးလမ်း သို့မဟုတ် မဟာမြိုင်လမ်း ကုန်းလမ်းတစ်လျှောက်မှာလည်း KIA-PDF ပူးပေါင်း၍ ဂိတ်ပေါင်း ၃၀ လောက်ဖွင့်ကာ ပိုက်ဆံကောက်ခံလျက်ရှိသည်။
လက်နက်ကိုင်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ဂိတ်စခန်းများ များပြားနေခြင်းနှင့် အဆင့်ဆင့် ငွေကြေး ကောက်ခံမှုများ မြင့်တက်နေခြင်းကြောင့် နာဂဒေသသို့ ကုန်စည်စီးဆင်းမှုများ ပိုမို ခက်ခဲနေခြင်းဖြစ်သည်။
