CNI News
ဟောင်ကောင် ဇူလိုင် ၃၁
ဟောင်ကောင်ရှိ ဈေးဝယ်စင်တာ(ရှော့ပင်းမောလ်) တစ်ခုတွင် အိုလံပစ်ဆုချီးမြှင့်ပွဲကြည့်နေစဉ် တရုတ်အမျိုးသားသီချင်းကို လှောင်ပြောင်မှုစွဲချက်ဖြင့် အမျိုးသားတစ်ဦးကို ဟောင်ကောင်ရဲက ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက ဇူလိုင် ၃၀ ရက်၊ သောကြာနေ့တွင် ပြောကြားခဲ့သည်ဟု စီအင်န်အင်န်က ရေးသားခဲ့သည်။
အသက် ၄၀ ရှိ ၎င်းအမျိုးသားသည် ဇူလိုင် ၂၆ ရက်က အိုလံပစ်ဆုပေးပွဲ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေရင်း နိုင်ငံတော် သီချင်းကို စော်ကားလှောင်ပြောင်သည်ဟူသော စွဲချက်ဖြင့် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ဟောင်ကောင်နာမည်ကြီး အားကစားသမား အက်ဂါချောင်က ၂၅ နှစ်အတွင်း ဟောင်ကောင်မြို့အတွက် ရွှေတံဆိပ် ဆွတ်ခူး ပေးခဲ့ပုံကို ပြသနေစဉ် နိုင်ငံတော်သီချင်းကိုပါ ထည့်သွင်းထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။
ဟောင်ကောင်အလံ လွှင့်လိုက်သည့်အခါ အပျော်တမ်းတူရိယာအဖွဲ့က တိုက်ရိုက်ထုတ်လွှင့်မှုနှင့်အတူ လိုက်ပါတီးမှုတ်စဉ် ယခုဖမ်းဆီးခံရသူအနေဖြင့် နိုင်ငံတော်သီချင်းအပေါ် စော်ကားလှောင်ပြောင်ခဲ့ကြောင်း ရဲက စွပ်စွဲထားသည်။ ဖမ်းဆီးခံရသူက ၎င်းသည် ဂျာနယ်လစ်တစ်ဦးဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
ယမန်နှစ်၊ ဇွန်လမှစ၍ အသက်ဝင်ခဲ့သော တရုတ်နိုင်ငံတော်သီချင်းကို လှောင်ပြောင်သည်ဟူသော စွဲချက်ဖြင့် စစ်ဆေးပေါ် ပေါက်သည့်အခါ အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်ဖွယ်ရှိသည်။
ဖမ်းဆီးခံရသူသည် နိုင်ငံတော်သီချင်းကို စော်ကားသည့် ကြွေးကြော်သံဖြင့် လိုက်လံရွတ်ဆိုခဲ့သဖြင့် ဖမ်းဆီးခံရခြင်း ဖြစ် ကြောင်း ဇူလိုင် ၃၀ ရက် သတင်းစာရှင်းလင်းပွဲတွင် ဟောင်ကောင်ရဲအရာရှိတစ်ဦးက ရှင်းပြသည်။ ထို့ပြင် ၎င်းသည် ဗြိတိသျှ-ဟောင်ကောင် ကိုလိုနီအလံကို ထောင်ပြခဲ့ပြီး ၎င်း၏ရည်ရွယ်ချက်မှာ အိုလံပစ်အားကစားပွဲ အမုန်းတရားနှင့် နိုင်ငံရေး ပါနေ ကြောင်း ဟောင်ကောင်ရဲက ဆိုသည်။
၎င်းအမျိုးသားထံတွင် အရွယ်အစားမတူညီသော ဗြိတိန်အလံ ၁၀ ခုခန့် ဈေးဝယ်စင်တာထဲသို့ သယ်ဆောင်လာသည်ကို တွေ့ရသည့်အတွက် မည်သူမဆို နိုင်ငံတော်လုံခြုံရေးဥပဒေကို ချိုးဖောက်ခဲ့လျှင် ဆက်လက် စုံစမ်းစစ်ဆေး သွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
၁၉၉၇ က ဗြိတိသျှတို့လက်မှ တရုတ်ပြည်မထံသို့ ဟောင်ကောင်လွှဲပြောင်း ရောက်ရှိချိန်မှစ၍ ဟောင်ကောင် အားကစား သမားများသည် ဟောင်ကောင်(တရုတ်)ဟူသော အမည်ဖြင့် အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရသည်။ ဟောင်ကောင်သည် ၎င်းမြို့ ကိုယ်စားပြုအလံကို ပြိုင်ပွဲ၌ ကစားနေစဉ် အသုံးပြုရပြီး ရွှေတံဆိပ်ဆွတ်ခူးလက်ခံသည့် ဆုပေးပွဲ ကျင်းပချိန်တွင် တရုတ်နိုင်ငံတော်သီချင်းကို သီဆိုတီးမှုတ်ပေးရသည်။
ယခုဆုရရှိသူ အက်ဂါချောင်သည် ဟောင်ကောင်လွှဲပြောင်းပြီးချိန်မှစ၍ ဟောင်ကောင်အတွက် ပထမဆုံးရွှေတံဆိပ် ဆွတ်ခူး ပေးသူဖြစ်သည်။ ၁၉၉၆ ခုနှစ်က ဟောင်ကောင် ရွက်လှေအားကစားသမား လီလိုင်ရှန်း ရွှေတံဆိပ်ရခဲ့စဉ်ကတော့ ဟောင်ကောင်မလွှဲပြောင်းရသေးမီဖြစ်သဖြင့် ဗြိတိသျှအမျိုးသားသီချင်း “God Save the Queen” ကို တီးခတ်ပြီး ဆုတက်ယူ ခဲ့သည်။
Source: CNN
#ဟောင်ကောင်
#တရုတ်နိုင်ငံတော်သီချင်း
#ဖမ်းဆီးခံ
#Hong Kong
#china
#အိုလံပစ်
#Olympics
#games
#British
#national
#anthem
#CNImyanmar
#cninews