CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၁

မန်စီးတီးအသင်းနောက်ခံလူ ကန်ဆယ်လိုဟာ မိသားစုနဲ့အတူရှိနေချိန်မှာ ဓားပြလာတိုက်ပြီး လုယက်ဖို့ ကြိုးစား ခဲ့တဲ့ သူကို ပြန်လည်တိုက်ထုတ်ဖို့ ကြိုးစားခဲ့ရာ မျက်နှာမှာ ဒဏ်ရာတွေ ရရှိသွားခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

အသက်(၂၈)နှစ်အရွယ်ရှိ နောက်ခံလူဟာ ဒဏ်ရာရနေတဲ့ သူ့ရဲ့ပုံကို အင်စတာဂရမ်မှာ တင်ခဲ့တာလည်း ဖြစ်ပါ တယ်။ ကန်ဆယ်လို က “ကံမကောင်းစွာနဲ့ပဲ ဒီနေ့မှာ ကျနော်နဲ့ ကျနော်ရဲ့မိသားစုကို ဓားပြ(၄)ဦးက နာကျင် အောင် တိုက်ခိုက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ကျနော်ကတော့ သူတို့ရဲ့ တိုက်ခိုက်မှုကို ခုခံဖို့ ကြိုးစားခဲ့တာကြောင့် မျက်နှာမှာ ဒီလိုပဲဖြစ်သွားတာပါ”လို့ ရေးသားခဲ့ပါတယ်။

ဒါ့အပြင် ကန်ဆယ်လို က “သူတို့ဟာ ကျနော်တို့ရဲ့ လက်ဝတ်ရတနာအားလုံးကို လုယူသွားခဲ့ပြီး ကျနော်ရဲ့ မျက်နှာကို ဒီအခြေအနေနဲ့ ထားခဲ့ပါတယ်။ ဒီလိုလူမျိုးတွေ ဘာကြောင့် ရှိနေသေးလဲဆိုတာကို ကျနော် နားမလည် နိုင်အောင် ဖြစ်ခဲ့ရပါတယ်။ ကျနော့်အတွက် အရေးကြီးဆုံးက မိသားစုဖြစ်ပြီး သူတို့ အားလုံးအဆင်ပြေခဲ့တဲ့ အတွက် ကံကောင်းခဲ့ပါတယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ ကန်ဆယ်လိုဟာ ဒီရာသီမှာ မန်စီးတီး အသင်း အတွက် အဓိကကစားသမားတဦးအဖြစ် ခြေစွမ်းပြသနေခဲ့တာပါ။

ပေါ်တူဂီကစားသမားဟာ (၂၀၁၉) သြဂုတ်လက ဂျုဗင်တပ်စ်ကနေ ပေါင်သန်း(၆၀)နဲ့ မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး မနှစ်ကရာသီက PFA တနှစ်တာ အကောင်းဆုံး ပရီးမီးယားလိဂ်အသင်း လူစာရင်းမှာ မဲပေးရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ ကန်ဆယ်လိုက ထပ်ပြီး “ကျနော့်ဘဝမှာ အတားအဆီးတွေ အများကြီး ကြုံပြီးဖြစ်တဲ့အတွက် ဒါက ကျော်ဖြတ်ရမယ့် အရာတွေထဲက တခုပါပဲ။ အမြဲတမ်း ကြံ့ခိုင်တောင့်တင်းမှုရှိအောင် နေနေပါတယ်”လို့ သူ့ရဲ့အင်စတာဂရမ်မှာ ရေးသားခဲ့တာလည်းဖြစ်ပါတယ်။ မန်စီးတီးအသင်းကတော့ ဒီဖြစ်စဉ်ကို ထိတ်လန့်တုပ်လှုပ်မိပြီး ဒီကိစ္စကို စုံစမ်းမေးမြန်းနေတဲ့ ရဲတပ်ဖွဲ့ကို အကူအညီပေးသွားမယ်လို့ ထုတ်ပြန်ခဲ့တာပါ။

ကန်ဆယ်လိုဟာ မန်စီးတီးအတွက် အခုနှစ်ရာသီမှာ (၂၅)ပွဲ ပါဝင်ကစားထားပြီး (၃)ဂိုးသွင်းယူထားတာပါ။ ပေါ်တူဂီကစားသမားဟာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ(၁၀၁)ပွဲ ပါဝင်ကစားထားပြီး (၈)ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဒီ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည် နေတာဖြစ်ပြီး ဒုတိယနေရာက ချယ်လ်ဆီးအသင်းကို (၈)မှတ်ဖြတ်ကာ ဦးဆောင်နေတာလည်း ဖြစ်ပါတယ်။

Source: BBC