၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၁
ပြီးခဲ့တဲ့ နွေရာသီကမှ အင်တာမီလန် အသင်းကနေ ပြန်လည်ရောက်ရှိလာတဲ့ လူကာကူက ချယ်လ်ဆီး အသင်းရဲ့ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်ပြီး မပျော်ရွှင်ကြောင်း ဝန်ခံလိုက်ပါတယ်။
လူကာကူဟာ ဒဏ်ရာနဲ့ ကိုဗစ် ကူးစက်မှုတွေကြောင့် အောက်တိုဘာ လလယ်ကတည်းက ပရီးမီးယားလိဂ် (၅)ပွဲသာ အကန့် အသတ်နဲ့ ပါဝင်ကစားခဲ့ရတာဖြစ်ပြီး အခုအချိန်မှာတော့ ကြံခိုင်မှုအပြည့်အဝ ပြန်လည်ရရှိနေပြီလည်း ဖြစ်ပါတယ်။ လူကာကူ ဟာ ချယ်လ်ဆီး အသင်းအတွက် ကစားခဲ့တဲ့ နောက်ဆုံး ၂ ပွဲမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့တာပါ။
အသက် ၂၈ နှစ်အရွယ်ရှိ တိုက်စစ်မှူးဟာ ချယ်လ်ဆီး အသင်းအတွက် ဒီရာသီ ပရီးမီးယားလိဂ် ၁၃ ပွဲ ပါဝင်ကစားထားပြီး ၅ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
လူကာကူက “ရုပ်ပိုင်းဆိုင်ရာမှာတော့ အရင်ကထက် ပိုပြီးကောင်းပါတယ်။ အီတလီမှာ ၂ နှစ်ကြာပြီးနောက် အင်တာမီလန်က နည်းပြတွေ၊ အဟာရ ပညာရှင်တွေနဲ့ ကျနော်အများကြီး အလုပ်လုပ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ကျနော့်ရဲ့ ရုပ်ပိုင်းဆိုင်ရာက ကောင်းပါတယ်။ အခု အခြေအနေနဲ့ ပတ်သက်ပြီး ကျနော် မပျော်ရွှင်ပါဘူး။ ဒါက သဘာဝကျပါတယ်။ နည်းပြက မတူညီတဲ့ စနစ်တွေနဲ့ ကစားဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျနော် လက်မလျှော့ပါဘူး။ အလုပ်ကြိုးစားပြီး ပရော်ဖက်ရှင်နယ် ဖြစ်ဖို့ပဲ လိုပါတယ်။ ဒီအခြေအနေကို မပျော်ရွှင်ပေမယ့် ကျနော်ဟာ အလုပ်လုပ်နေတဲ့ သူဖြစ်တဲ့အတွက် လက်လျှော့သွားမှာ မဟုတ်ဘူး”လို့ ပြောခဲ့တာပါ။
ပုံ-လူကာကူ အင်တာမီလန်မှာ ကစားခဲ့စဉ်။(The Athletic)
ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူးလည်းဖြစ်တဲ့ လူကာကူဟာ ပြီးခဲ့တဲ့ ရာသီက အင်တာမီလန် အသင်းအတွက် ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ပြီး (၁၁)နှစ်ကြာ ဝေးကွာနေခဲ့တဲ့ စီးရီးအေဖလားကို ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
လူကာကူဟာ လပိုင်းအကြာမှာပဲ ချယ်လ်ဆီး အသင်းကို ပြောင်းရွှေ့ခဲ့တာကြောင့် အင်တာမီလန်အသင်း ပရိသတ်တွေရဲ့ ဒေါသနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ လူကာကူဟာ အနာဂတ်မှာ အင်တာမီလန်အသင်းထံ ပြန်သွားကစားချင်တဲ့ အကြောင်းကိုလည်း ပြောခဲ့တာ ဖြစ်ပါတယ်။
လူကာကူက “ကျနော့်ရဲ့ နှလုံးသားထဲမှာ အင်တာမီလန်အသင်းက အမြဲတမ်းရှိတယ်လို့ ပြောခဲ့ဖူးပါတယ်။ အဲ့ဒါကြောင့်လည်း အဲ့ဒီနေရာမှာ ပြန်ကစားနိုင်ဖို့ ကျနော်အလွန် မျှော်လင့်မိပါတယ်။ ကျနော် အီတလီကို ချစ်မြတ်နိုးပါတယ်။ ကျနော် ထွက်သွား ခဲ့တဲ့ ပုံစံက မတူညီဘူးလို့ ထင်ခဲ့တဲ့အတွက် အင်တာမီလန်အသင်း ပရိသတ်တွေကို တောင်းပန်ချင်ပါတယ်။ ခင်ဗျားတို့နဲ့ အရင်ဆုံး စကားပြောရပါမယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော့်အတွက်၊ ကျနော့် မိသားစုအတွက်၊ ကျနော့် အမေအတွက်၊ ကျနော့်သားအတွက် ခင်ဗျားတို့ လုပ်ခဲ့တဲ့ အရာတွေက ကျနော့် တစ်ဘဝလုံးမှာ ကျန်ရှိနေတော့မှာပါ”လို့ ပြောပါတယ်။
ဒါ့အပြင် လူကာကူက “ကျနော့်ရဲ့ ကစားသမားဘဝ အဆုံးသတ်မှာမဟုတ်ဘဲ အင်တာမီလန်ကို ပြန်လာနိုင်ဖို့ တကယ်ကို မျှော်လင့်မိပါတယ်။ ဒီထက်ပိုပြီး အောင်မြင်မှုတွေ ရယူချင်နိုင်တဲ့အဆင့်မှာ ပြန်လာချင်တာပါ”လို့ Sky Sports နဲ့ အင်တာဗျူး မှာ ပြောခဲ့တာ ဖြစ်ပါတယ်။
လူကာကူဟာ အင်တာမီလန် အသင်းမှာ ၂၀၁၉ ကနေ ၂၀၂၁ အထိ ကစားခဲ့ပြီး ၉၅ ပွဲ ပါဝင်ကစားခဲ့ကာ ၆၄ ဂိုး သွင်းယူ နိုင်ခဲ့ တာ ဖြစ်ပါတယ်။
Source: Goal.com