CNI International News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၆
နာမည်ကြီး တိုက်ခိုက်ရေး ကစားသမား မက်ဂရီဂေါဟာ လာမယ့်နွေရာသီမှာ UFC ပွဲတွေ ထိုးသတ်ဖို့ ပြန်လာမယ်လို့ ကာလ ကြာရှည် နည်းပြဖြစ်တဲ့ ဂါဗာနတ်ချ်က ပြောလိုက်ပါတယ်။
မက်ဂရီဂေါဟာ ဒတ်စတင်ပိုရီရာကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ခြေထောက် ကျိုးသွားခဲ့ပြီး ကတည်းက ပွဲတွေထိုးသတ်ခြင်း မရှိတာ ဖြစ်ပါတယ်။ မက်ဂရီဂေါဟာ သူ့ရဲ့ ပြန်လည် ထူထောင်ရေးကာလမှာ လေ့ကျင့်ရေး ဗီဒီယို အများအပြားကို မျှဝေခဲ့တာ ဖြစ်ပေမယ့် ပွဲတွေ ပြန်ထိုးသတ်ဖို့တော့ လအနည်းငယ် ကြာနိုင်တယ်လို့ ထင်မြင်နေကြတာပါ။
ဒါပေမယ့် လက်ရှိ လိုက်ဝိတ်ချန်ပီယံ အိုလီဗီရာဟာ ဒတ်စတင်ပိုရီရာကို UFC 269 ပွဲစဉ်မှာ အနိုင်ထိုးသတ်ခဲ့ပြီးနောက် မက်ဂရီဂေါနဲ့ပွဲကို အမြန်ဆုံး ပြုလုပ်ပေးနိုင်ဖို့ တောင်းဆိုမှုတွေ ရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဂါဗာနတ်ချ်က “နွေရာသီ အစောပိုင်းမှာ သူပြန်လာနိုင်တယ်လို့ ကျနော်ပြောချင်ပါတယ်။ ဒီပွဲကို ပစ်မှတ်ထားနေတယ်လို့ ကျနော်ထင်ပါတယ်။ သူနဲ့ ကျနော်တွေ့မှာ ပါ။ သူကလည်း ဒဗ္ဗလင်ကို ပြန်ရောက်နေပြီ ဖြစ်တဲ့အတွက် ကျနော် အိုင်ယာလန် ကို ပြန်တဲ့အချိန်မှာ သူနဲ့ တွေ့မှာပါ”လို့ အိုင်ယာလန် တိုက်ခိုက်ရေးကစားသမား ပြန်လာနိုင်ဖွယ်ရှိတဲ့ အချိန်နဲ့ပတ်သက်ပြီး ပြောခဲ့ပါတယ်။
ပုံ- မက်ဂရီဂေါကိုတွေ့ရစဉ်။(GETTY IMAGES)
အိုလီဗီရာဟာ မက်ဂရီဂေါ ရှုံးနိမ့်ခဲ့တဲ့ ဒတ်စတင်ပိုရီရာကို ၃ ချီမြောက်မှာ အနိုင်ရခဲ့ပြီး လိုက်ဝိတ်ချန်ပီယံဆုကို ဆက်ထိန်း သိမ်း နိုင်ခဲ့တာပါ။ မက်ဂရီဂေါဟာ အိုလီဗီရာနဲ့ ဘယ်နေ့ တိုက်ခိုက်ရမှာလဲဆိုပြီး သူ့ရဲ့ တွစ်တာမှာ ပို့စ်တင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ အိုင်ယာလန် တိုက်ခိုက်ရေးသမားဟာ UFC ရွှေခါးပတ်ကို ဝတ်ဆင်ပြီး သူ့ရဲ့ ပုံရှေ့မှာ ဓါတ်ပုံရိုက်ပြီးတော့ တွစ်တာမှာ ပို့စ် ထပ်မံ တင်ခဲ့တာလည်း ဖြစ်ပါတယ်။
မက်ဂရီဂေါဟာ ဒတ်စတင်ပိုရီရာကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ထိတ်လန့်ဖွယ် ကောင်းစရာ ခြေထောက်ကျိုးခဲ့ပြီးနောက် ပြန်လည် ကောင်းမွန်လာအောင် လုပ်ဆောင်နေဆဲပါ။ မက်ဂရီဂေါဟာ ၂၀၁၄ ခုနှစ်က ထိုးသတ်ခဲ့တဲ့ပွဲမှာ ဒတ်စတင်ပိုရီရာကို အနိုင် ရခဲ့တာဖြစ်ပြီး ၆ နှစ်အကြာမှာ မကျေပွဲအဖြစ် ပြန်လည် ထိုးသတ်ရာမှာတော့ ၂ ပွဲလုံး ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
မက်ဂရီဂေါဟာ MMA ပွဲပေါင်း ၂၈ ပွဲ ထိုးသတ်ထားခဲ့ရာမှာ ၂၂ ပွဲအနိုင်ရပြီး ၆ ပွဲ ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။
Source: The Sun