CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၃
ရီးရယ်လ်အသင်းဟာ ပါချူကာအသင်းနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား အုပ်စုဒုတိယပွဲစဉ်မှာ ပွဲချိန် ၇ မိနစ်ကတည်းက ကစားသမားတစ်ဦးလျော့နဲ့ ကစားခဲ့ရပေမယ့် ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ကွင်းလယ်လူ ဘယ်လင်ဂမ်က နည်းပြဇာဘီအလွန်ဆိုကို ချီးကျူးမှုပြုလုပ်ခဲ့ပါတယ်။
ဘယ်လင်ဂမ်က “အဆန်စီယို ထုတ်ခံရပြီးနောက် ခက်ခဲခဲ့ပါတယ်။ နည်းပြ အလွန်ဆိုက ပုံစံကိုပြောင်းဖို့ ဆုံးဖြတ် ခဲ့ပြီး ကျနော်တို့ အားလုံးကလည်း ဒီတာဝန်ကို ကောင်းမွန်စွာ ယူနိုင်ခဲ့ပါတယ်။ ရာသီဥတုဒဏ်ရော၊ ပါချူကာ အသင်းရဲ့ ကန်ချက် အများအပြားကိုလည်း ခံခဲ့ရပါတယ်။ ကော့တွိုက်စ်က အလွန်ကောင်းပါတယ်။ ကောင်းမွန်တဲ့ နိုင်ပွဲဖြစ်ခဲ့ပေမယ့် ပြီးပြည့်စုံမှုတော့ မရှိပါဘူး။ နည်းပြရဲ့ စိတ်ကူးကတော့ အံ့သြစရာကောင်းခဲ့ပြီး ကျနော်တို့ ဆက်သွားရမှာပါ”လို့ ပြောခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ နည်းပြ ဇာဘီအလွန်ဆို စတင်ကိုင်တွယ်တဲ့ ပထမဆုံးပွဲစဉ်မှာ အယ်လ်ဟီလယ်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့ပြီး ဒုတိယပွဲစဉ်ဖြစ်တဲ့ ပါချူကာအသင်းနဲ့ပွဲစဉ်မှာ ကစားသမားတစ်ဦး စောစီးစွာ ထုတ်ပယ်ခံခဲ့ ရတာကြောင့် ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒါပေမယ့် ရီးရယ်လ်အသင်းဟာ အကောင်းဆုံး ရင်ဆိုင်နိုင်ခဲ့ပြီး ဘယ်လင်ဂမ်၊ ဂူလာနဲ့ ဗယ်လ်ဗာဒီတို့က ၁ ဂိုးစီ သွင်းယူကာ ပါချုကာအသင်းကို ဦးဆောင်နိုင်ခဲ့တာပါ။
ပါချူကာအသင်းအတွက် ချေပဂိုးကို မွန်တီရယ်လ်က သွင်းယူခဲ့တာဖြစ်ပါတယ်။
နည်းပြ အလွန်ဆိုကို တွေ့ရစဉ်
ဘယ်လင်ဂမ်ဟာ ဒီပွဲမှာ သွင်းဂိုးလည်း သွင်းယူနိုင်ခဲ့သလို ခြေစွမ်းလည်း ပြသနိုင်ခဲ့တာကြောင့် အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။
အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ ကာလရှည်ကြာ ခံစားနေရတဲ့ ပခုံးနာကျင်မှုကို ဖီဖာကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးမှာ ခွဲစိတ်မှုခံယူမယ်လို့လည်း အတည်ပြုခဲ့တာပါ။
ဒီပွဲအပြီးမှာ ရီးရယ်လ်အသင်း နောက်ခံလူ ရူဒီဂါဟာ လူမျိုးရေး ခွဲခြားခံခဲ့ရတယ်လို့ ပြောခဲ့ပြီး နည်းပြ ဇာဘီအလွန်ဆိုက ဒီဖြစ်ရပ်ကို ဖီဖာက စုံစမ်းစစ်ဆေးနေတယ်လို့ ပြောခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ပါချူကာအသင်းကို အနိုင်ရခဲ့ပြီးနောက် အုပ်စုပွဲစဉ် ၂ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ် ရရှိထားကာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဆဲလ်ဘတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN