CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၂

လူကာကူရဲ့ အေးဂျင့်ဖြစ်သူက သူ့ရဲ့ ကစားသမားဟာ ကစားသမားဘဝ မကုန်ဆုံးခင်မှာ စီးရီးအေကို ပြန်လာမှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဘယ်လ်ဂျီယံ လက်ရွေးစင်တိုက်စစ်မှူးဟာ အင်တာမီလန်အသင်းမှာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လကနေ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ အထိ ကစားခဲ့ပါတယ်၊ ဒီတစ်နှစ်တာ ကာလအတွင်းမှာ လူကာကူဟာ ၉၅ ပွဲ ပါဝင်ကစားပြီး ၆၄ ဂိုး သွင်းယူခဲ့သလို ၁၆ ဂိုး ဖန်တီးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

လူကာကူဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာတော့ အသင်းဟောင်း ချယ်လ်ဆီး အသင်းကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာပါ။ ဒါပေမယ့် လူကာကူဟာ ချယ်လ်ဆီး အသင်းမှာ သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြသနိုင်ဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ လူကာကူဟာ ချယ်လ်ဆီး အသင်းအတွက် ပရီးမီးယားလိဂ် ၁၁ ပွဲ ပါဝင်ကစားထားပြီး ၃ ဂိုးသွင်းယူ ထားတာပါ။ ဘယ်လ်ဂျီယံ တိုက်စစ်မှူးဟာ အခုမှ ချယ်လ်ဆီးကို ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့် စီးရီးအေကို ပြန်သွားဖို့ တွေးနေပြီလို့ အေးဂျင့်ဖြစ်သူ ပတ်စတိုရယ်လ်လိုက ပြောပါတယ်။

ပတ်စတိုရယ်လ်လိုက “တနေ့ကျရင် လူကာကူဟာ စီးရီးအေကို ပြန်သွားမှာပါ။ လူကာကူဟာ အီတလီကို ချစ်တယ်။ ဒါပေမယ့် အခုအချိန်မှာတော့ လူကာကူရဲ့ အရည်အသွေးတွေကို အခွင့်ကောင်းယူ အသုံးချနိုင်ဖို့က ချယ်လ်ဆီး အသင်း အပေါ်မှာပဲ မူတည်ပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

လူကာကူဟာ ပြီးခဲ့တဲ့ ရာသီက အင်တာမီလန်အသင်းကို စီးရီးအေဆုဖလားရရှိအောင် အဓိက စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ သူတွေထဲက တစ်ဦးဖြစ်ပြီး စီးရီးအေရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မကြာသေးခင်ကမှ ဒဏ်ရာပြဿနာတွေကနေ ပြန်လည်သက်သာလာတဲ့ လူကာကူဟာ ချယ်လ်ဆီး အသင်းအတွက် စက်တင်ဘာ ၁၁ ရက်က ကစားခဲ့တဲ့ ဗီလာအသင်းနဲ့ ပွဲမှာ ၂ ဂိုး သွင်းယူပြီးနောက် ပရီးမီးယားလိဂ်မှာ နောက်ထက် ဂိုးမသွင်း နိုင်ပဲ ဖြစ်နေတာပါ။

ချယ်လ်ဆီး အသင်းနည်းပြ တူချယ်လ်ဟာ လူကာကူရဲ့ ကြံ့ခိုင်မှု အခြေအနေကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပွဲစ ကတည်းက အသုံးပြုခြင်း မရှိသေးတာပါ။

ဘယ်လ်ဂျီယံနိုင်ငံ လက်ရွေးစင် တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ အဲဗာတန်၊ ဝက်စ်ဘရွမ်းနဲ့ မန်ချက် စတာယူနိုက်တက် အသင်းတွေမှာလည်း ကစားခဲ့ပြီး အခု အသင်းဟောင်း ချယ်လ်ဆီး အသင်းကို ပြန်လည် ရောက်ရှိလာခဲ့ တာ ဖြစ်ပါတယ်။

Source: Sport Mole.co.uk