CNI Sport News

 ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၂

မန်ချက်စတာယူနိုက်တက် အသင်းဂိုးသမား ဒီဂီယာဟာ နော်ဝစ်ချ် အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ အသင်းဖော် လင်ဒီလော့ဖ် အသက်ရှုရ ကျပ်နေတာကို မြင်တွေ့ရပြီးနောက် သူ့ရဲ့ စိုးရိမ်မှုတွေကို ပြောလာခဲ့ပါတယ်။

ဒီဂီယာက ဒီဖြစ်ရပ်ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ကွင်းအတွင်း နှလုံးရောဂါကြောင့် လဲကျသွားခဲ့တဲ့ ဒိန်းမတ်အသင်း ကွင်းလယ် ကစားသမား အဲရစ်ဆန်နဲ့ အခုနှစ် အောက်တိုဘာလက ကွင်းအတွင်း လဲကျခဲ့တဲ့ ဘာစီလိုနာ တိုက်စစ်မှူး အဂွေရိုတို့ရဲ့ ဖြစ် စဉ်ကို ပြန်လည် အမှတ်ရမိတယ်လို့ ပြောခဲ့တာပါ။

လင်ဒီလော့ဖ်ဟာ ဒီအခြေအနေကြောင့် ပွဲချိန် ၇၄ မိနစ်မှာ နောက်ခံလူ ဘိုင်းလီနဲ့ လူစားလဲ ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီဂီယာက “သူအသက်ရှုရကျပ်ပြီး ထူးထူးဆန်းဆန်း ခံစားနေရတာကြောင့် ပွဲက အရေးမကြီးတော့ပါဘူး။ အရေးကြီးဆုံးက အသက်ပါပဲ၊ ဘောလုံးက အရေးမကြီးပါဘူး။ ဒီလိုမျိုး ခံစားခဲ့ရတဲ့ ကစားသမားအချို့ကို ကျနော်တွေ့ခဲ့ရပါတယ်။ ဘာဖြစ်သွား လဲဆိုတာ မသိပေမယ့် ဗစ်တာဟာ အသက်ရှုကျပ်နေတာကို ခံစားနေရပါတယ်။ ဒီလို အခြေအနေမျိုးနဲ့ အဲရစ်ဆန်၊ အဂွေရို တို့ ကို တွေ့ပြီးသားပါ။ အဲ့ဒါကြောင့် ကစားသမား တစ်ဦးဒီလိုဖြစ်တာကို မြင်တွေ့ရတာ အနည်းငယ် ခက်ခဲပါတယ်။ သူအဆင် ပြေမယ်လို့ မျှော်လင့်ကြောင်း” ပြောခဲ့တာ ဖြစ်ပါတယ်။

ပုံ- လင်ဒီလော့ဖ်ကိုတွေ့ရစဉ်။(Manchester Evening News)

လင်ဒီလော့ဖ်ဟာ ကွင်းထဲမှာ ဆေးကုသမှုခံယူပြီး ပွဲပြီးဖို့ ၁၆ မိနစ်အလိုမှာ လူစားလဲ ခံခဲ့ရတာပါ။

ယာယီနည်းပြ ရက်ဂ်နစ်ကတော့ လင်ဒီလော့ဖ်ကို စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့ရာ အဆင်ပြေပုံရတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါ တယ်။

ရက်ဂ်နစ်က “ဗစ်တာက ဘယ်လိုဖြစ်သွားလဲဆိုတာ သူ့ကိုယ်သူတောင် မမှတ်မိတော့ပါဘူး။ အခြား ကစားသမားတစ်ဦးနဲ့ သူ တိုက်မိပြီး အသက်ရှုရ ခက်ခဲသွားတယ်လို့ ကျနော် ထင်ပါတယ်။ ၁၀ မိနစ်ကျော်ကြာမှာ သူ့ရဲ့နှလုံးခုန်နှုန်းက ပုံမှန်ထက် ပိုပြီး မြင့်နေပါတယ်။ ဒါကြောင့် သူအနည်းငယ် ထိတ်လန့်သွားခဲ့ပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ရက်ဂ်နစ်က “အဲ့ဒီအတွက်လည်း သူ့ကို လူစားလဲခဲ့ရပါတယ်။ ပွဲအပြီးမှာ ဆရာဝန်က သူ့ကို စမ်းသပ်စစ်ဆေးပြီး အားလုံးအဆင်ပြေသွားခဲ့ပါတယ်။ မနက်ဖြန်မှာ သူဘယ်လိုရှိမလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ဘရန်ဖိုဒ့်နဲ့ပွဲမှာ သူပါဝင် နိုင် မယ်လို့တော့ မျှော်လင့်ကြောင်း”ပြောခဲ့တာ ဖြစ်ပါတယ်။

လင်ဒီလော့ဖ်ဟာ ဗာရန်း ဒဏ်ရာရရှိချိန်မှာ အသင်းခေါင်းဆောင် မက်ဂွဲယားနဲ့ တွဲဖက်ပြီး ခံစစ်ပိုင်းမှာ အကောင်းဆုံး စွမ်းဆောင် ပေးနေတာလည်း ဖြစ်ပါတယ်။ လင်ဒီလောဖ့်ဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ  ၁၈ ပွဲ ပါဝင်ကစားထားတာ ဖြစ်ပါတယ်။

Source: BBC