CNI Sport News

၂၀၂၅ ခုနှစ်၊ မေလ ၆

အာဆင်နယ်အသင်း ကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ နွေရာသီမှာ ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းထံ မပြောင်းမရွှေ့မီ အသင်းနဲ့ ၃ နှစ်အကြို စာချုပ်ချုပ်ခဲ့တယ်လို့ Globo က ဖော်ပြထားပါတယ်။ 

ဂျော်ဂျင်ဟိုဟာ ဒီရာသီကုန်ရင် အာဆင်နယ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမှာ ဖြစ်တဲ့အတွက် ဖလာမင်ဂိုအသင်းထံ ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ပြီး ၂၀၂၈ ခုနှစ်အထိရှိမယ့် အကြိုစာချုပ်ချုပ်ခဲ့တာပါ။ 

အသက် ၃၃ နှစ်အရွယ်ရှိ ဂျော်ဂျင်ဟိုဟာ ချယ်လ်ဆီးအသင်းကနေ ၁၈ လစာချုပ်နဲ့ ပြောင်းရွှေ့လာပြီးကတည်းက အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၇၈ ပွဲပါဝင်ကစားကာ ၂ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ 

 ဂျော်ဂျင်ဟိုကို တွေ့ရစဉ်

အီတလီကွင်းလယ်လူဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်းအတွက် ၉ ပွဲသာ ပွဲထွက် လူစာရင်း ပါဝင်ခဲ့ရတာပါ။

ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဂျော်ဂျင်ဟိုဟာ ဧပြီက ဘရန်ဖို့ဒ်အသင်းနဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားထားပါတယ်။ 

အီတလီအသင်းနဲ့ ယူရို ၂၀၂၀  ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ဂျော်ဂျင်ဟိုဟာ ဖလာမင်ဂိုအသင်းထံ ပြောင်းရွှေ့ခဲ့ရင် နွေရာသီမှာ ကျင်းပမယ့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရရှိမှာပါ။ 

ဖလာမင်ဂိုအသင်းဟာ ဒီပြိုင်ပွဲမှာ တူးနစ်၊ ဂျော်ဂျင်ဟိုရဲ့ အသင်းဟောင်း ချယ်လ်ဆီးအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။

ဖလာမင်ဂိုအသင်းဟာ ဒီရာသီ ဘရာဇီးလ်စီးရီးအေပြိုင်ပွဲမှာ ၇ ပွဲ ကစားထားပြီး ရမှတ် ၁၄ မှတ်နဲ့ အမှတ်ပေး ဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေတာပါ။ 

ဖလာမင်ဂိုအသင်းဟာ လာမယ့် ဘရာဇီးလ်လိဂ်ပွဲစဉ်အဖြစ် ဘာဟီရာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Goal