CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၈

အီတလီလက်ရွေးစင် အသင်းနည်းပြ မန်ချီနီက မန်ချက်စတာယူနိုက်တက် အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထား တယ်ဆိုတဲ့ သတင်းတွေကို အခိုင်အမာ ငြင်းဆိုလိုက်ပါတယ်။

အီတလီ အသင်းကို ယူရို ၂၀၂၀ ချန်ပီယံဆု ရရှိအောင် ကိုင်တွယ်နိုင်ခဲ့တဲ့ မန်ချီနီဟာ နွေရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အမြဲတမ်း နည်းပြအဖြစ် ခန့်အပ်ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။ မန်ချက်စတာယူနိုက်တက် အသင်းဟာ လက်ရှိအချိန်မှာ ရက်ဂ်နစ်ကို ယာယီနည်းပြအဖြစ် ရာသီကုန်အထိ ခန့်အပ်ထားတာ ဖြစ်ပါတယ်။

အဆိုပါ ဂျာမန်လူမျိုး နည်းပြဟာ စာချုပ်ကုန်ဆုံးတဲ့ အချိန်မှာ အတိုင်ပင်ခံရာထူးနဲ့အသင်းမှာ ဆက်ရှိဖွယ် ရှိနေတာပါ။ မန်ချီနီ ရဲ့အီတလီ အသင်းကတော့ လက်ရှိအချိန်မှာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရဖို့အတွက် ပလေးအောဖ့်အဆင့် ခြေစစ်ပွဲတွေ ဆက်လက် ယှဉ်ပြိုင်ဖို့ ရှိနေတာပါ။

မန်စီးတီး နည်းပြဟောင်းဟာ အီတလီနဲ့ ကမ္ဘာ့ဖလား ဝင်ခွင့်ရဖို့အတွက်ကိုပဲ အာရုံစိုက်ထားတယ်လို့ ပြောခဲ့တာပါ။

မန်ချီနီက “ပရီးမီးယားလိဂ်ကလပ် အသင်းတစ်သင်းနဲ့ သဘောတူညီမှု ရခဲ့တယ်ဆိုတာလား၊ ဒါတွေ အားလုံးဟာ မှားယွင်း နေပါတယ်။ ကျနော့်ရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က အီတလီနဲ့ ကမ္ဘာ့ဖလားသွားပြီး ချန်ပီယံဆု ရယူဖို့ပါ”လို့ ပြောခဲ့ ပါတယ်။

ဒါ့အပြင် မန်ချီနီက “ခြေစစ်ပွဲမှာ အခြေအနေတွေက အဆင်မပြေခဲ့ပေမယ့် ကျနော်တို့ ဒါကိုလက်ခံရပါမယ်။ ကျနော်တို့မှာ အခွင့်အရေး ရှိပါသေးတယ်။ မဲခွဲမှုက မလှပခဲ့ပေမယ့် ကျနော်တို့ဟာ ဥရောပချန်ပီယံတွေဖြစ်ပြီး ပထမပွဲကို အနိုင်ကစားကာ ပလေးအောဖ့် ဗိုလ်လုပွဲကို တက်ရောက်နိုင်ပါတယ်”လို့ ဂါဇတ်တာ ဒယ်လိုစပေါ့နဲ့ အင်တာဗျူးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

အီတလီ အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပလေးအောဖ့်အဆင့်မှာပဲ အရေးနိမ့်ပြီး ခြေစစ်ပွဲ မအောင်မြင် ခဲ့တာပါ။ အဲ့ဒါကြောင့် ၂ ကြိမ်ဆက် ကမ္ဘာ့ဖလား မယှဉ်ပြိုင်ရတဲ့ အခြေအနေကို ရှောင်ရှားနိုင်ဖို့ အခုတစ်ကြိမ်မှာ ခြေစစ်ပွဲ အောင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ အမြဲတမ်း နည်းပြအဖြစ် ခန့်အပ်နိုင်ဖို့အတွက် ပိုချက်တီနို၊ အဲရစ်တန်ဟတ်နဲ့ ဘရန်ဒန်ရော်ဂျာတို့ကို ချိတ်ဆက်မှုတွေ ပြုလုပ်နေပါတယ်။

အေဂျတ်စ် အသင်းနည်းပြ အဲရစ်တန်ဟတ်ကတော့ မန်ချက်စတာယူနိုက်တက် အသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားတယ်လို့ အရိပ်အမြွက် ပြောထားတာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ယာယီနည်းပြ ရက်ဂ်နစ် လက်ထက် အဖွင့် ပွဲစဉ်အဖြစ် ပဲလေစ်အသင်းနဲ့ ကစားခဲ့ရာ ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

Source: Sport Smole.co.uk