၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၉

ဘာစီလိုနာအသင်းဟာ ဒီဇင်ဘာလ ၉ ရက် မနက်ပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ် အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အရေးနိမ့်ပြီးနောက် ၂၁ နှစ်အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီပွဲအနိုင်ရမှ နောက်တဆင့်တက်မှာ ဖြစ်ပေမယ့် ကံမကောင်းစွာနဲ့ပဲ ဂိုးပြတ်အရေးနိမ့် သွားတာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အတွက် ဂိုးတွေကို မူလာ၊ ဆာနေးနဲ့ မူစလီယာတို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဘာစီလိုနာအသင်းဟာ အုပ်စုတတိယနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲကို ဆင်းပြီး ကစားရတော့ မှာလည်းဖြစ်ပါတယ်။ ဘာစီလိုနာဟာဆိုရင် ၂၀၀၃-၀၄ ရာသီနောက်ပိုင်း ၁၇ နှစ်အကြာမှ ပထမဆုံးအကြိမ် ယူရိုပါလိဂ်ပြိုင်ပွဲကို ကစားရတော့မှာပါ။

ဘာစီလိုနာ အသင်း အခုနှစ်ရာသီ အစတည်းက ရလဒ်တွေ ဆိုးရွားနေတာကြောင့် နည်းပြ ရော်နယ်လ်ကိုးမန်းကို ထုတ်ပယ် ပြီး ဇာဗီကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဇာဗီလည်း ဘာစီလိုနာ အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ နောက်တဆင့် တက်အောင်ကိုင်တွယ်နိုင်ခြင်း မရှိခဲ့ပါဘူး။

ပုံ-ဘာစီလိုနာနဲ့ဘိုင်ယန်မြူးနစ်ယှဉ်ပြိုင်နေစဉ်။(Daily Sabah)

ယူရိုပါလိဂ်ကို ဆင်းကစားရမယ့် အပေါ်မှာ ဇာဗီကတော့ စိတ်ပျက်နေခဲ့ပါတယ်။

ဇာဗီက “ကျနော် ဒေါသထွက်မိပါတယ်။ ဒါပေမယ့် ဒါက ကျနော်တို့ရဲ့ အဖြစ်မှန်ပါပဲ။ ဒါဟာ ကျနော်တို့ ကြုံတွေ့ရတဲ့ အခြေအနေဖြစ်ပြီး ဂုဏ်သိက္ခာရှိရှိနဲ့ ရင်ဆိုင်ဖို့လိုပါတယ်။ အခုအချိန်မှာ ခေတ်အသစ်ကို စတင်ရတော့ပါမယ်။ ဒါကို ရင်ဆိုင်ပြီး ဖြေရှင်းပေးရမှာပါ။ အခြားနည်းလမ်း မရှိပါဘူး”လို့ ပြောပါတယ်။

ဒါ့အပြင် ဇာဗီက “ကျနော်တို့ သုညကနေ စတင်ရတော့မှာပါ။ ကျနော်တို့ရဲ့ ရည်မှန်းချက်က ချန်ပီယံလိဂ်ပါ ယူရိုပါလိဂ် မဟုတ်ပါဘူး။ အလုပ်ကို ကြိုးစားရပါမယ်။ ကျရှုံးခြင်းဆိုတဲ့ စကားလုံးကို မကြိုက်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုရင် ကျနော်တို့ ကြိုးစားပြီးပါပြီ။ ကျနော် ဒီကလပ်ကို ချစ်မြတ်နိုးပြီး ကျနော့်ဘဝကိုပါ ပေးပြီးတော့ အလုပ်ဖြစ်မြောက်အောင် လုပ်မယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

တခြားတစ်ဖက်မှာတော့ ဒီအုပ်စုတွင်းက ဘင်ဖီကာအသင်းဟာ ဒိုင်နမိုကိဗ်အသင်းကို အနိုင်ရခဲ့တာကြောင့် အုပ်စု ဒုတိယနဲ့ ၁၆ သင်း အဆင့်ကို တက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ လာလီဂါ ပြိုင်ပွဲမှာလည်း ရလဒ်တွေ ဆိုးရွားနေပြီး အဆင့် ၁ နေရာက ရီးရယ်လ် အသင်းနဲ့ ၁၆ မှတ် ကွာဟကာ အဆင့် ၇ နေရာမှာ ရပ်တည်နေတာပါ။ ဘာစီလိုနာအသင်းဟာ ဒီတစ်ပတ်မှာ လာလီဂါ ပွဲစဉ်အဖြစ် အိုဆာဆူနာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

 Source: Goal.com