CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၉

စပါးအသင်းဟာ ကစားသမား ၈ ဦးနဲ့ အသင်းအဖွဲ့ဝင် ၅ ဦး စုစုပေါင်း ၁၃ ဦး ကိုဗစ်ပိုးကူးစက်ခံထားရတဲ့အတွက် ရီးနတ်စ်နဲ့ကစားမယ့် ယူရိုပါကွန်းဖရန့်စ်လိဂ်ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့တယ်လို့ ဘီဘီစီ က ဖော်ပြထားပါတယ်။

အဲဒါကြောင့် တနင်္ဂနွေနေ့မှာ ကစားမယ့် ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကိုလည်း ပြန်လည်သုံးသပ်ရဖွယ် ရှိနေတာဖြစ်ပါတယ်။ စပါးအသင်းဟာ သူတို့ရဲ့ ပထမအသင်းလေ့ကျင့်ရေးစင်တာကို ဗုဒ္ဓဟူးနေ့ က ပိတ်ခဲ့ရတယ် လို့ ပြောထားပါတယ်။ စပါးအသင်းကတော့ ယူအီးအက်ဖ်အေနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေပြီး နောက်ထပ် သတင်း အသစ်တွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်သွားမယ်လို့လည်း ပြောထားခဲ့တာပါ။

စပါးအသင်းနည်းပြ ကွန်တီက အစောပိုင်းက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ “ မနက်ဖြန်ဘာဖြစ်မလဲ ဆိုတာ မသိတဲ့အတွက် အနည်းငယ်တော့ ကြောက်မိပါတယ်။ နေ့စဉ်နေ့တိုင်း ကျနော်တို့မှာ ပိုးကူးစက်ခံရသူတွေ ပိုမိုများပြားလာခဲ့ပါတယ်။ ဒါဟာ ကောင်းတဲ့အခြေအနေတော့မဟုတ်ပါဘူး”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ရီးနတ်စ် အသင်းကတော့ စပါးအသင်းရဲ့ ထုတ်ပြန်ချက်ကို ဝေဖန်သွားခဲ့ပါတယ်။

ရီးနတ်စ်အသင်းက “စပါးအသင်းဟာ အီမေးလ်နဲ့ အတည်ပြုပြီးနောက် သူတို့ရဲ့လုပ်ဆောင်ပုံက တရားမျှတမှု မရှိပါဘူး။ အသင်းလန်ဒန်ကို ရောက်တဲ့ နေ့လည်ကျမှ မကစားချင်ဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ အသိပေးခဲ့ပါ တယ်”လို့ ထုတ်ပြန်ခဲ့တာပါ။ စပါးအသင်းဟာ ဒီလထဲမှာ ဘရိုက်တန်၊ လက်စတာ၊ လီဗာပူးလ်တို့နဲ့ ပရီးမီးယား လိဂ်ပွဲစဉ်၊ ဝက်စ်ဟမ်းနဲ့ ကာရာဘောင်းဖလား ကွာတားဖိုင်နယ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ကွန်တီက “ဒီနေ့ ဘောလုံးအကြောင်းပြောဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။နောက်ဆုံးအခြေအနေက ကျနော့်ကို အလွန် စိတ်ပျက်စေပါတယ်။ အခြေအနေက ပြင်းထန်ပြီး ကူးစက်မှုတွေက ကြီးမားပါတယ်”လို့ ထပ်မံပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီကလည်း နယူးကာဆယ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ကိုဗစ်ကူးစက်မှုနှုန်း သိသိသာသာ တိုးမြင့် လာတဲ့အတွက် အက်စတွန်ဗီလာနဲ့ပွဲကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ မန်စီးတီးအသင်းမှာလည်း ကိုဗစ်ကူးစက်မှုတွေ ကြောင့် ပွဲမစခင် ၄ နာရီအလိုမှာ အဲဗာတန်နဲ့ပွဲကို ရွှေ့ဆိုင်းခဲ့ရပြီး ဗီလာအသင်းကလည်း ဒီလို အဖြစ်အပျက်တွေ ကြောင့် လီဗာပူးလ်နဲ့ အက်ဖ်အေဖလားပွဲကို လူငယ်ကစားသမားတွေနဲ့ ကစားခဲ့ရပြီး အရေးနိမ့်ခဲတာ ဖြစ်ပါတယ်။

Sourc: BBC