CNI Sport News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၈
အသလက်တီကို အသင်းရဲ့ တိုက်စစ်မှူး ဆွာရက်စ်ဟာ ပေါ်တိုအသင်းနဲ့ ကစားခဲ့တဲ့ အရေးကြီး ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာ ပြဿနာကြောင့် လူစားလဲခံရပြီးနောက် အရန်ခုံတန်းပေါ်မှာ ငိုကြွေးနေခဲ့တာ ဖြစ်ပါတယ်။
ဆွာရက်စ်ဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန် ၁၃ မိနစ်အရောက်မှာ ဒဏ်ရာရရှိသွားခဲ့တာပါ။ အသလက်တီကို အသင်းဟာ ဒီပွဲအနိုင်ရမှ နောက်တဆင့် တက်မှာဖြစ်လို့ နည်းပြ ဆီမြွန်နီဟာ ဆွာရက်စ်ကို ပွဲစကတည်းက အသုံးပြုလာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဆွာရက်စ်ဟာ အသင်းအတွက် အကူအညီ မပေးနိုင်ခဲ့ဘဲ ဒဏ်ရာပြဿနာကြောင့် တိုက်စစ်ကစားသမား ကွန်ဟာ နဲ့ လူစားလဲ ခံခဲ့ရတာပါ။ ဒီလိုအခြေအနေမှာပဲ ဆွာရက်စ်ဟာ သူ့ရဲ့ခံစားချက်ကို မထိန်းချုပ်နိုင်တော့ဘဲ အရန်ခုံတန်းပေါ်မှာ ငိုကြွေးနေခဲ့တာ ဖြစ်ပါတယ်။
ဆွာရက်စ်ဟာ ဒဏ်ရာကြောင့် တနင်္ဂနွေနေ့မှာ ကစားမယ့် မြို့ခံပြိုင်ဘက် ရီးရယ်လ်နဲ့ ပွဲစဉ်မှာလည်း ပါဝင်ဖို့ မရေရာတဲ့ အနေအထားကို ရောက်ရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။
ပုံ-ဂိုးသွင်းပြီး အောင်ပွဲခံနေတဲ့ ဂရစ်ဇ်မန်း(Today in 24 English)
ဒီပွဲမှာ အသလက်တီကို အသင်းဟာ ပေါ်တိုအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။ အသလက်တီကို အသင်းအတွက် ဂိုးတွေကို ဂရစ်ဇ်မန်း၊ ကော်ရီရာနဲ့ ဒီပေါလ်တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒုတိယနဲ့ နောက်တဆင့် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆွာရက်စ် ဖြစ်ခဲ့တဲ့ ခံစားချက်နဲ့ ပတ်သက်ပြီး တွစ်တာမှာ လူအများ အပြားက ဒီအကြောင်းကို ပြောခဲ့ကြပါတယ်။
ပထမတစ်ဦးက “ဆွာရက်စ်ဟာ ဒဏ်ရာကြောင့် လူစားလဲပြီးနောက် ငိုကြွေးနေပါတယ်။ သူဟာ တစ်ရာသီပဲ ကစားရသေး ပေမယ့် အသင်းနဲ့ အများကြီး ရင်းနှီးလာခဲ့ပါတယ်”လို့ ရေးသားထားပါတယ်။
နောက်တစ်ဦးကလည်း “ ဆွာရက်စ် လူစားလဲခံရပြီး ငိုကြွေးနေတာလား၊ ဒဏ်ရာအခြေအနေ မပြင်းထန်ဖို့ မျှော်လင့်ပါ တယ်”လို့ ရေးသားထားတာ ဖြစ်ပါတယ်။
ဆွာရက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာ အသင်းကနေ အသလက်တီကို အသင်းကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
ဥရုဂွေးကစားသမားဟာ ပြီးခဲ့တဲ့ရာသီက အသလက်တီကိုအသင်း လာလီဂါ ဆုဖလားရယူရာမှာ အဓိက ခြေစွမ်းပြသူတွေထဲ က တစ်ဦးလည်း ဖြစ်ခဲ့တာပါ။ ဆွာရက်စ်ဟာ အသလက်တီကို အသင်းအတွက် ပွဲပေါင်း ၅၄ ပွဲ ပါဝင်ကစားထားပြီး ၂၉ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
Source: SportBible.com