CNI Sport News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃
ချယ်လ်ဆီးအသင်းနည်းပြ တူချယ်လ်က ဝက်ဖိုဒ့်အသင်းကို ကံကောင်းလို့အနိုင်ရခဲ့တာဖြစ်ပြီး သူတို့ဆီကနေ ၃ မှတ်ခိုးယူခဲ့တယ်လို့ ပြောလိုက်ပါတယ်။
အခုလ ၂ ရက်နေ့က ဝက်ဖိုဒ့်အသင်းကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ချယ်လ်ဆီးအသင်းက ၂ ဂိုး- ၁ ဂိုးနဲ့အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအတွက်ဂိုးတွေကို မေဆန်မောင့်နဲ့ ဇီယက်ချ်တို့က သွင်းယူခဲ့တာဖြစ်ပြီး ဝက်ဖိုဒ့်အတွက် ဂိုးကို ဒန်းနစ်က သွင်းယူခဲ့တာပါ။ ဒီပွဲမှာ ပရိသတ်တစ်ဦး နှလုံးရပ်သွားခဲ့တဲ့အတွက် ပထမပိုင်းကို ပွဲချိန်မိနစ် ၃၀ နောက်ကျပြီးမှ ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းနည်းပြ တူချယ်လ်က အသင်းဟာ ဒီပွဲမှာ ကောင်းမွန်စွာပြင်ဆင်ထားခြင်းမရှိဘဲ ကံကောင်းလို့ အနိုင်ရခဲ့တာဖြစ်ကြောင်း ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ ဂျာမန်လူမျိုးနည်းပြက “ဒါဟာ ကျနော်တို့အတွက် မဟုတ်ခဲ့ ပါဘူး။ ဒီပွဲမှာ ကျနော်တို့လုံးဝကို အဆင်သင့်မဖြစ်ခဲ့တာပါ။ ကျနော်အသင်းကို အဆင်သင့်ဖြစ်အောင် လုပ်ဖို့ မှန်ကန်တဲ့ ချဉ်းကပ်မှုတွေရှာဖွေနိုင်ဖို့ လွဲချော်ခဲ့ပါတယ်။ အလွန်ဝမ်းနည်းစရာကောင်းတဲ့ အခြေအနေကြောင့် ကျနော်တို့ အနားယူခဲ့ကြပါတယ်။ အဲဒီလူရဲ့အခြေအနေကောင်းဖို့ ကျနော်တို့မျှော်လင့်ခဲ့ပါတယ်”လို့ ပြောပါ တယ်။
ဒါ့အပြင် တူချယ်လ်က “အနားယူပြီးလို့ ပွဲပြန်စတဲ့ ၁၁ မိနစ်အထိ ကျနော်တို့ ချဉ်းကပ်မှုတွေကို မပြောင်းလဲ နိုင်ခဲ့ပါဘူး။ ပထမဘောလုံး၊ ဒုတိယဘောလုံးနဲ့ ဖိအားတွေကို ကျနော်တို့ မထိန်းနိုင်ခဲ့ပါဘူး။ အပြောင်းအလဲတွေ အများကြီးပြုလုပ်ခဲ့ပေမယ့် အမှားအယွင်းတွေအများကြီးဖြစ်လာခဲ့ပါတယ်။ ပိုလည်းကောင်းမလာခဲ့ပါဘူး။ ကျနော် တို့ဟာ လွယ်ကူတဲ့အရာတွေကိုပဲ တစ်ခုတည်း အာရုံစိုက်နိုင်ခဲ့ပါတယ်။ ကံကောင်းလို့အနိုင်ရခဲ့တာ ဖြစ်တယ်လို့” ပြောခဲ့တာဖြစ်ပါတယ်။ ဂျာမန်လူမျိုးနည်းပြဟာ နောက်ခံလူ ချာလိုဘတ်ရဲ့ဒဏ်ရာအခြေ အနေနဲ့ ပတ်သက်ပြီး တော့လည်း စိုးရိမ်နေတာပါ။
“ကျနော်အစိုးရိမ်ဆုံးကတော့ ချာလိုဘတ်ရဲ့ ဒဏ်ရာအခြေအနေကိုပါ။ ချာလိုဘတ်ဟာ ကျနော်တို့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ပြီး အနည်းငယ်တော့ စိုးရိမ်မိတယ်”လို့ တူချယ်လ် က ပြောခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ အဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ ချယ်လ်ဆီးအသင်းဟာ အနိုင်ရခဲ့တာကြောင့် ဒုတိယနေရာက မန်စီးတီး အသင်းကို တစ်မှတ်အသာနဲ့ အ မှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နေခဲ့တာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီတပတ်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းအိမ်ကွင်းမှာ သွားရောက် ကစားရမှာဖြစ်ပြီး ကြားရက်မှာတော့ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဇင်းနစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Goal