CNI Sport News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၃၀

ဘောလွန်းဒီအောဆုကို စံချိန်တင် ၇ ကြိမ်မြောက်ရယူနိုင်ခဲ့တဲ့ မက်ဆီက ၂၀၂၀ အတွက် ဘောလွန်းဒီအောဆုကို လီဝန်ဒေါစကီးကိုပေးဖို့ ဆုပေးပွဲကျင်းပတဲ့ ပြင်သစ်ဘောလုံးကို တောင်းဆိုလိုက်ပါတယ်။

မက်ဆီက လီဝန်ဒေါစကီးဟာ ဒီဆုကိုရရှိဖို့ ထိုက်တန်တယ်လို့ ဆုလက်ခံရယူတဲ့ အခမ်းအနားမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့ ၂၀၂၀ က ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်အပါအဝင် ဆုဖလား ၃ ခုကို ရယူနိုင်ခဲ့ပြီး အဆိုပါနှစ်အတွက် ဘောလွန်းဒီအောဆုကို ရယူနိုင်မယ့်သူအဖြစ် အားလုံးက လက်ခံထားကြတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် ကိုဗစ်ရောဂါကူးစက်မှုတွေကြောင့် ပြင်သစ်ဘောလုံးဟာ ဆုပေးပွဲကျင်းပဖို့ ဖျက်သိမ်းခဲ့တာပါ။ အဲဒါ ကြောင့် ဆုရရှိဖို့ သေချာသလောက်ရှိနေတဲ့ လီဝန်ဒေါစကီးအတွက် နစ်နာခဲ့ရတာလည်းဖြစ်ပါတယ်။ ပရိသတ် အများအပြားက အခုနှစ်မှာ ကျင်းပတဲ့ဆုပေးပွဲမှာ ၂၀၂၀ အတွက်ပါ ပေးသင့်တယ်လို့ ပြောခဲ့ကြပေမယ့် ပြိုင်ပွဲ ကျင်းပရေးကော်မတီကတော့ ၂၀၂၁ အတွက်သာ ပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်။

ဘောလွန်းဒီအောဆု လက်ခံရယူအပြီးမှာ မက်ဆီ က “လီဝန်ဒေါစကီးကို ပြောချင်တာက ခင်ဗျားနဲ့ ယှဉ်ပြိုင်ရတာ တကယ်ကို ဂုဏ်ယူဖို့ကောင်းပါတယ်။ မနှစ်က ခင်ဗျားဒီဆုကိုရသင့်တယ်ဆိုတာ ကျနော်တို့ သဘောတူပြီး အားလုံးကလည်း လက်ခံထားကြပါတယ်”လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် မက်ဆီ က “လီဝန်ဒေါစကီးအတွက် ကောင်းမွန်တဲ့နှစ်တစ်နှစ်ရှိခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ တစ်နှစ် ပြီးတစ်နှစ်တိုးတက်လာခဲ့ပြီး သူ့ရဲ့အကောင်းဆုံးတိုက်စစ်စွမ်းဆောင်ရည်နဲ့ ဂိုးသွင်းစွမ်းဆောင်ရည်တွေကိုလည်း ပြသခဲ့ပါတယ်။ ဒီနှစ်မှာတော့ အကောင်းဆုံးတိုက်စစ်မှူးဆု ချီးမြှင့်ခံခဲ့ရပါတယ်။ သူဟာ ကွင်းထဲမှာ ရှိနေတာ ကြောင့် လာမယ့်နှစ်တွေမှာလည်း ဒီ အဆင့်ကို ရောက်ရှိမယ်ဆိုတာ အသေအချာပါပဲ။ ဒါ့အပြင် သူဟာ ကလပ် အသင်းကြီးမှာလည်း ကစားနေခဲ့တာဖြစ်ပါတယ်။ ပြင်သစ်ဘောလုံးအနေနဲ့ ခင်ဗျားရဲ့ ၂၀၂၀ အတွက် ဘောလွန်း ဒီအောဆုကို ချီးမြှင့်သင့်တယ်လို့ ထင်ပါတယ်။ ထိုက်လည်းထိုက်တန်ပါတယ်။ ဒါဟာ ခင်ဗျားရဲ့အိမ်မှာ ရှိရမှာပါ” လို့ ပြောခဲ့တာဖြစ်ပါတယ်။

လီဝန်ဒေါစကီးဟာ အခုနှစ်အတွက် ဘောလွန်းဒီအောဆုပေးပွဲမှာ မက်ဆီထက် ရမှတ် ၃၃ မှတ်လျော့နည်းခဲ့တာ ဖြစ်ပြီး တတိယနေရာက ဂျော်ဂျင်ဟိုထက် ရမှတ် ၁၂၀ အသာရခဲ့တာလည်းဖြစ်ပါတယ်။ ပြင်သစ်ဘောလုံး က ဒီနှစ်မှာ ဆုအသစ်ကို ထပ်တိုးပေးခဲ့ပြီး အကောင်းဆုံးတိုက်စစ်မှူးအဖြစ် လီဝန်ဒေါစကီးကို ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။

Source: Goal