CNI Sport News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၅
ဂျာမန်ဘွန်ဒစ်လီဂါ ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းဟာ ကစားသမားတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေး မထိုး ထားလို့ ပွဲ မကစားနိုင်တာတွေရှိရင် လုပ်ခလစာဖြတ်တောက်မယ့်အကြောင်း ပြောကြားထားတယ်လို့ Bild သတင်းမှာ ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ်အသင်း ကစားသမား ၅ ဦးဟာ ကိုဗစ်ကာကွယ်ဆေး ထိုးထားခြင်း မရှိပါဘူး။ ကွင်းလယ်ကစားသမား ကင်မစ်ရှ် ဟာ ကာကွယ်ဆေးမထိုးထားတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာ ကိုဗစ်ရောဂါကူးစက်ခံထားရတာကြောင့် လုပ်ခလစာ ဖြတ်တောက်ခံရတော့မှာဖြစ်ပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိ ဂျာမနီကစားသမားဟာ ကိုဗစ်ရောဂါဖြစ်ပွားသူနဲ့ ထိတွေ့ခဲ့တာကြောင့် ကွာရန်တင်း ဝင်နေပြီးသားဖြစ်ပေမယ့် အခုအခါမှာတော့ သူပါ ကိုဗစ်ရောဂါကူးစက်ခံနေရပြီး သီးခြားနေထိုင်နေရတာလည်း ဖြစ်ပါတယ်။ ကင်မစ်ရှ်နဲ့အတူ ဂနာဘရီ၊ မူဆလီယာ၊ ကူဆန့် နဲ့ ချုပိုမိုတင် တို့ဟာ ကာကွယ်ဆေးထိုးဖို့ ငြင်းဆန် ထားတာပါ။ အဲဒါကြောင့် အသင်းက သူတို့အနေနဲ့ ပွဲမကစားနိုင်ရင် ဒါမှမဟုတ် သီးခြားနေထိုင်ရတာကြောင့် လေ့ကျင့်မှုတွေမပြုလုပ်နိုင်ရင် လုပ်ခလစာဖြတ်တောက်မယ်လို့ ပြောထားတာလည်း ဖြစ်ပါတယ်။
ဂျာမန်သတင်းစာ Bild က ကစားသမားတွေအနေနဲ့ ကာကွယ်ဆေးမထိုးထားလို့ အလုပ်မလုပ်နိုင်ရင် လုပ်ခလစာ ဖြတ်တောက်သွားမယ်ဆိုတာကို ပြီးခဲ့တဲ့အပတ်က ပြောထားတာလည်း ဖြစ်ပါတယ်။ ကွင်းလယ်ကစားသမား ကင်မစ်ရှ် ဟာ ကွာရန်တင်းဝင်နေတာကြောင့် အော့စ်ဘတ်စ် နဲ့ ကစားခဲ့တဲ့ပွဲမှာ မပါဝင်နိုင်ခဲ့တာဖြစ်ပြီး ဒီပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကလည်း အရေးနိမ့်ခဲ့တာကြောင့် ဒီလို သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဂနာဘရီကတော့ ဒီပွဲမှာ ပွဲစကတည်းက ပါဝင်ခဲ့ပြီး၊ မူဆလီယာနဲ့ ချုပိုမိုတင်တို့က လူစားဝင်ကစားခဲ့ကာ ကူဆန့် ကတော့ အရန်ကစားသမားအဖြစ်သာ ရှိခဲ့တာလည်းဖြစ်ပါတယ်။
အဆိုပါ ကစားသမား ၄ ဦးကလည်း ကွာရန်တင်းဝင်နေတာကြောင့် ဒိုင်နမိုကိဗ်ကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ပါဝင်နိုင်ခဲ့ခြင်းမရှိတာပါ။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီပွဲမှာ လူစားဝင်ဖို့ သတ်မှတ်ထားတဲ့ ကစားသမား ၁၂ ဦးအစား ကစားသမား ၆ ဦးရဲ့အမည်ကိုသာ ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းဖော်တွေဖြစ်တဲ့ နီကလပ်စ်ဆူးလ်နဲ့ စတန်ဆစ်တို့ဟာလည်း ပြီးခဲ့တဲအပတ်က ကိုဗစ်ရှိကြောင်း လက္ခဏာပြခဲ့ပေမယ့် သူတို့နှစ်ဦး ဟာ ကာကွယ်ဆေးထိုးထားတယ်လို့ ကလပ်အသင်းက အတည်ပြုထားတာဖြစ်ပါတယ်။
ဂျာမနီနိုင်ငံဟာ အနောက်ဥရောပနိုင်ငံမှာ ကာကွယ်ဆေးထိုးနှုန်း အနိမ့်ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး လူ အများအပြားရဲ့ ၆၈ ရာခိုင်နှုန်းသာ ကာကွယ်ဆေးအပြည့်အဝ ထိုးထားတာဖြစ်ပါတယ်။
Source: daily mail