CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၄

အာဆင်နယ်အသင်းဟာ ဘော်လ်တန်အသင်းနဲ့ ကစားမယ့် ကာရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်မှာ အသက် ၁၆ နှစ်အရွယ်ရှိ ဂိုးသမား ဂျက်ပေါ်တာကို ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုဖွယ်ရှိနေပါတယ်။ 

အာဆင်နယ်အသင်းရဲ့ နံပါတ်တစ်ဂိုးသမား ဒေးဗစ်ရာယာဟာ ပြီးခဲ့တဲ့ မန်စီးတီးအသင်းနဲ့ပွဲစဉ်မှာ ဒဏ်ရာကြောင့် နာကျင်နေခဲ့ပြီး ဆေးကုသမှုခံယူခဲ့ရတာပါ။

စပိန်ဂိုးသမားဟာ ပွဲအပြီး အီးတီဟတ်ကွင်းကနေ ထွက်ခွာချိန်မှာ သူ့ရဲ့ညာဘက်ဒူးကို ပတ်တီးပတ်ထားတာ မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ 

ဒေးဗစ်ရာယာရဲ့ ဒဏ်ရာဟာ ပြင်းထန်ခြင်း မရှိပေမယ့် ဘောလ်တန်အသင်းနဲ့ ကာရာဘောင်းဖလား ပွဲစဉ်မှာ အနားပေးခံရဖွယ်ရှိနေတာပါ။ 

ဒေးဗစ်ရာယာဟာ လက်စတာအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ‌တော့ အာဆင်နယ်အသင်းအတွက် ပြန်လည်ပါ ဝင်နိုင်ဖွယ်ရှိနေတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ဘုန်းမောက်အသင်းကနေ အငှားနဲ့ခေါ်ယူခဲ့တဲ့ နံပါတ်နှစ်ဂိုးသမား နက်တို ဟာ အာဆင်နယ်အသင်းထံ မပြောင်းရွှေ့ခင်က ဘုန်းမောက်အသင်းအတွက် ကာရာဘောင်းဖလားပွဲစဉ်မှာ ပါဝင် ကစားခဲ့တာပါ။ 

ဂျက်ပေါ်တာကို တွေ့ရစဉ်

အဲဒါကြောင့် နက်တိုဟာ အာဆင်နယ်အသင်းအတွက် ကာရာဘောင်းဖလားပွဲစဉ်မှာ ပါဝင်ကစားခွင့်ရမှာ မဟုတ်ပါ ဘူး။ အသက် ၁၈ နှစ်အရွယ်ရှိ ဂိုးသမားဖြစ်သူ ဆက်ဒ်ဖို့ဒ်ဟာ ကြံ့ခိုင်မှုပိုင်းကြောင့် နိုင်ငံတကာပွဲစဉ်တွေပြီး ကတည်းက အာဆင်နယ်အသင်းရဲ့လူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ 

ဒါကြောင့် အာဆင်နယ်အသင်းဟာ အသက် ၁၆ နှစ်အရွယ်ရှိ ဂိုးသမား ဂျက်ပေါ်တာကို ဘော်လ်တန်အသင်းနဲ့ ပွဲစဉ်မှာ အသုံးပြုရဖွယ်ရှိနေတာပါ။

ဂျက်ပေါ်တာဟာ ပြီးခဲ့တဲ့ အတ္တလန်တာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ အရန်ကစားသမား စာရင်းထဲ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် နည်းပြ အာတီတာအနေနဲ့ ဒေးဗစ်ရာယာရဲ့ အခြေအနေပေါ် မူတည်ပြီးမှသာ ဂျက်ပေါ်တာကို ပွဲထွက် လူစာရင်းမှာ အသုံးပြုဖို့ရှိနေတာပါ။ 

ဂျက်ပေါ်တာဟာ ဇူလိုင်လကမှ အသက် ၁၆ နှစ် ပြည့်ခဲ့တာဖြစ်ပြီး အာဆင်နယ် ယူ-၁၈ အသင်းအတွက် ၆ ပွဲ ကစားခဲ့ကာ ယူ-၂၁ အသင်းအတွက် ၁ ပွဲ ပါဝင်ကစားထားပါတယ်။ 

အင်္ဂလန် ယူ-၁၆ အသင်းအတွက် ၄ ပွဲ ပါဝင်ကစားထားတဲ့ ဂျက်ပေါ်တာဟာ အင်္ဂလန် ယူ-၁၇ အသင်းရဲ့ လူစာရင်း မှာလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

Source: Dailymail