၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၁

ကမ္ဘာ့အဆင့်(၁) တင်းနစ်ကစားသမား ဂျိုကိုဗစ်ဟာ ကမ္ဘာ့အဆင့်(၃) တင်းနစ်ကစားသမားဖြစ်တဲ့ ဇက်ဗာရက်ဗ်ကို အရေး နိမ့်ပြီး ATP Finals ပြိုင်ပွဲရဲ့ အကြိုဗိုလ်လုပွဲ အဆင့်ကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

ဂျိုကိုဗစ်ဟာ ဒီပွဲမှာ ၆-၇ ၊ ၆-၄ ၊ ၃-၆ နဲ့ ဇက်ဗာရက်ဗ်ကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဇက်ဗာရက်ဗ်ကတော့ ဗိုလ်လုပွဲမှာ လက်ရှိ ချန်ပီယံဖြစ်တဲ့ မက်ဗီးဒပ်ဗ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ မက်ဗီးဒပ်ဗ်ဟာ အကြိုဗိုလ်လုပွဲမှာ ကတ်စပါရုဒ်ကို ၆-၄ ၊ ၆-၂ နဲ့ သက်တောင့်သက်သာ ကစားပြီး အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဇက်ဗာရက်ဗ်က “ဂျိုကိုဗစ်ကို အနိုင်ယူဖို့အတွက် ကြံခိုင်မှုပိုင်းကို အလွန်အားကောင်းအောင် လုပ်ခဲ့ရပါတယ်။ ကျနော်တို့ ယှဉ်ပြိုင်တိုင်း နာရီနဲ့ ချီပြီးတော့ကို ကြာပါတယ်”လို့ ပြောပါတယ်။

ပုံ- ဇက်ဗာရက်ဗ်ကို တွေ့ရစဉ်။ (News in 24)

ဇက်ဗာရက်ဗ်ဟာ အခုနှစ်အတွင်း တိုကျိုအိုလံပစ်မှာ ဂျိုကိုဗစ်ကို အနိုင်ရခဲ့ပေမယ့် သြစတြေးလျအိုးပန်းနဲ့ အမေရိကန် အိုးပန်း ပြိုင်ပွဲမှာတော့ ဂျိုကိုဗစ်က အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဇက်ဗာရက်ဗ်က “အနိုင်ရခဲ့လို့ ကျနော် အလွန်ပျော်ပါတယ်။ ဗိုလ်လုပွဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အကောင်းဆုံး အခွင့်အရေးရအောင် ကြိုးစားသွားမှာပါ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

 

ဂျိုကိုဗစ်အနေနဲ့ ဒီပွဲမှာ အရေးနိမ့်ခဲ့တာကြောင့် ATP Finals မှာ ချန်ပီယံဆု အများဆုံး ရယူထားတဲ့ ရော်ဂျာဖက်ဒဲရားရဲ့ စံချိန် ကို လိုက်မှီဖို့ အခွင့်အရေး အဆုံးသတ်ခဲ့တာပါ။ ရော်ဂျာဖက်ဒဲရားဟာ ဒီပြိုင်ပွဲမှာ ၆ ကြိမ်နဲ့ အများဆုံး ဗိုလ်စွဲထားတာ ဖြစ်ပြီး ဂျိုကိုဗစ်ကတော့ ၅ ကြိမ် ဗိုလ်စွဲထားတာဖြစ်ပါတယ်။

ဂျိုကိုဗစ်သည် လက်ရှိအချိန်မှာ ကိုဗစ် ကာကွယ်ဆေး မထိုးရသေးတာကြောင့် လာမယ့်နှစ် ဇန်နဝါရီမှာ ကျင်းပမယ့် သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့ မသေချာသေးပါဘူး။

သြစတြေးလျအိုးပန်း ကျင်းပရေး ဒါရိုက်တာက ကာကွယ်ဆေးမထိုးရသေးတဲ့ ကစားသမားတွေကို ယှဉ်ပြိုင်ခွင့်ပြုမှာ မဟုတ် ဘူးလို့ အတည်ပြုထားတာ ဖြစ်ပါတယ်။ ဂျိုကိုဗစ်ကတော့ ဒီပြိုင်ပွဲ ပါဝင်ယှဉ်ပြိင်ဖို့ ရှိ/မရှိနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ကြည့်ရ တာပေါ့လို့ ဖြေဆိုခဲ့ပါတယ်။ ဂျိုကိုဗစ်သည် သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ ၉ ကြိမ် ဗိုလ်စွဲထားသူ ဖြစ်ပါတယ်။

Source:BBC.com