CNI Sport News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၁

မက်ဆီကတော့ နန့်တက်စ်အသင်းကို အနိုင်ရခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာ ပီအက်စ်ဂျီ ကစားသမားဘဝ ပထမဆုံးသွင်းဂိုးရခဲ့လို့ ပျော်ရွှင်နေတယ်လို့ ပြောလိုက်ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ဒီပွဲမှာ နန့်တက်စ်အသင်းကို ဂိုးသမား နာဗတ်စ် တိုက်ရိုက်ထုတ်ပယ် ခံခဲ့ရပေမယ့် ၃ ဂိုး-၁ ဂိုးနဲ့ နိုင်ပွဲ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ပီအက်စ်ဂျီအတွက် ဂိုးတွေကို ဘတ်ပီ၊ မက်ဆီနဲ့ နန့်တက်စ် ကစားသမားက ကိုယ့်ဂိုးကိုယ် သွင်းယူ ပေးခဲ့တာလည်း ဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ နွေရာသီကမှ ဘာစီလိုနာ အသင်းကနေ အလွတ်နဲ့ ရောက်ရှိလာတဲ့ မက်ဆီဟာ နန့်တက်စ်အသင်းကို သွင်းခဲ့ တဲ့ ဂိုးအပါအဝင် ပီအက်စ်ဂျီ ကစားသမားဘဝ သွင်းဂိုး ၄ ဂိုး ရရှိထားတာပါ။

အသက် ၃၄ နှစ်အရွယ်ရှိ မက်ဆီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပီအက်စ်ဂျီအတွက် ၃ ဂိုး သွင်းယူထား တာဖြစ်ပါတယ်။ အာဂျင်တီးနား ကစားသမားဟာ ပီအက်စ်ဂျီအတွက် အရင်ကစားခဲ့တဲ့ လီဂူးဝမ်း ၅ ပွဲမှာ ဂိုးပေါက်ပျောက်ခဲ့ပြီး ၆ ပွဲရောက်မှ ပထမဆုံးသွင်းဂိုးကို ရှာဖွေနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မက်ဆီက “ကျနော် ပျော်ရွှင်နေပါတယ်။ ကျနော်တို့ အခွင့်အရေးတွေ အများကြီး ရရှိခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ဂိုးသမားက အလွန်ကောင်းမွန်တဲ့ ကာကွယ်မှုအချို့ကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ကျနော်တို့ ကြောက်ခဲ့ခြင်းမရှိခဲ့ဘဲ အဆုံးသတ်မှာ နိုင်ပွဲရရှိ ခဲ့ ပါတယ်”လို့ ပြောပါတယ်။

ပုံ-မက်ဆီ နန့်တက်စ်အသင်းဘက်ကို ဂိုးသွင်းနေစဉ်။(The Indian Paper)

ဒါ့အပြင် မက်ဆီက “ပီအက်စ်ဂျီ အသင်းရဲ့ ပရိသတ်ရှေ့မှာ ပထမဆုံး သွင်းဂိုးရနိုင်ခဲ့လို့ ကျနော် ပျော်ရွှင်ပါတယ်။ ချန်ပီယံလိဂ် မှာတော့ ဂိုးသွင်းယူနိုင်ခဲ့ပြီးဖြစ်ပေမယ့် လိဂ်ပြိုင်ပွဲမှာ သွင်းဂိုးရယူနိုင်ဖို့ မျှော်လင့်ခဲ့တာဖြစ်တယ်လို့ “ Amazon Prime နဲ့ အင်တာဗျူးမှာ ဖြေခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲမှာ ဂိုးပေါက် ပျောက်ဆုံးနေခဲ့လို့ ဝေဖန်ခံနေရတာကို ဒီပွဲမှာ ဂိုးသွင်းပြီး ဂိုးပေါက် ပျောက် ဆုံးနေတာကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ နောက်ဆုံးကစားခဲ့တဲ့ ၂ ပွဲလုံး ဒဏ်ရာပြဿနာတွေကြောင့် မပါဝင်နိုင်ခဲ့တဲ့ မက်ဆီဟာ နန့်တက်စ်နဲ့ ကစားခဲ့တဲ့ ဒီပွဲမှာ ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာပါ။

ပီအက်စ်ဂျီအသင်းဟာ လီဂူးဝမ်း ပွဲစဉ် ၁၄ ပွဲ ကစားအပြီးမှာ ရမှတ် ၃၇ မှတ် ရရှိထားပြီး ဒုတိယနေရာက ရီးနတ်စ်အသင်းကို ၁၂ မှတ် အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာလည်း ဖြစ်ပါတယ်။ ပီအက်စ်ဂျီ အသင်းဟာ ကြားရက်မှာ ချန်ပီယံ လိဂ် အုပ်စုအဆင့် ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:Goal.com