CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၁

အသလက်တီကိုအသင်း တိုက်စစ်မှူး ဂရစ်ဇ်မန်းက ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ အနိုင်ရဖို့က အလွန် အရေးကြီးတယ်လို့ ဒေါ့မွန်အသင်းကို အနိုင်ရတဲ့ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဂရစ်ဇ်မန်းက “ကျနော်တို့ အနိုင်ရရှိခဲ့ပါတယ်၊ ဒါက အရေးကြီးဆုံး အရာပါပဲ။ ပွဲအပြီးမှာ ဘာဖြစ်လဲဆိုတာ အရေး မကြီးပါဘူး။ ဒေါ့မွန်ကို ဂိုးပြန်ပေးခဲ့ရလို့ စိတ်ပျက်မိပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်မှာ အနိုင်ဖို့က အလွန်အရေးကြီးပါတယ်။ ကျနော်တို့ဟာ ဆီမီးဖိုင်နယ်ကို ရောက်ရှိဖို့ ကြိုးစားသွားမှာဖြစ်ပေမယ့် လွယ်ကူမှာ တော့ မဟုတ်ဘူး”လို့ Movistar ကို ပြောပါတယ်။

အသလက်တီကိုအသင်းက ဒေါ့မွန်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမ အကျော့ ပွဲစဉ်မှာ ဂရစ်ဇ်မန်းဟာ အသင်းအတွက် ၁ ဂိုး ဖန်တီးခဲ့ပြီး ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။ 

ဒီပွဲမှာ အသလက်တီကို အသင်းအတွက် ဂိုးတွေကို ဒီပေါလ်နဲ့ လီနိုတို့က သွင်းယူခဲ့ပြီး ဒေါ့မွန်အသင်းအတွက် ချေပဂိုးကို ဟော်လာက သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 

အသလက်တီကိုအသင်းနဲ့ ဒေါ့မွန်အသင်း ယှဉ်ပြိုင်နေစဉ်

ဂရစ်ဇ်မန်းဟာ ပွဲအပြီးမှာ သူ့ရဲ့ ညာဘက်ခြေချင်းဝတ်ကို ရေခဲအိတ် ကပ်ထားခဲ့ပေမယ့် လာမယ့် ဂျီရိုနာအသင်းနဲ့ ပွဲစဉ်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်မယ်လို့ ပြောခဲ့တာပါ။

အသလက်တီကို အသင်းနည်းပြ ဆီမြွန်နီက ဒေါ့မွန်အသင်းကို အနိုင်ရယူနိုင်ခဲ့တဲ့ အသင်းရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပေမယ့် ဂိုးအများအပြား မသွင်းနိုင်ခဲ့တာကြောင့် စိတ်ပျက်နေတာ ဖြစ်ပါတယ်။ 

အသလက်တီကိုအသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၃၄ ရာခိုင်နှုန်းသာ ရယူနိုင်ခဲ့ပေမယ့် ဂိုးပေါက်ကန်သွင်းမှု ၁၄ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၉ ကြိမ်အထိရှိခဲ့ပြီး ဂိုးသွင်းနိုင်မယ့် အခွင့်အရေးအချို့ လွဲချော်ခဲ့ပါတယ်။ 

ဒေါ့မွန်နဲ့ အသလက်တီကိုအသင်းတို့ရဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို ဧပြီ ၁၇ ရက်မှာ ယှဉ်ပြိုင်သွားမှာပါ။

အသလက်တီကိုအသင်းဟာ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ အဆင့် ၄ နေရာ ရပ်တည်နေပြီး အဆင့် ၃ နေရာက ဂျီရိုနာအသင်းနဲ့ ၇ မှတ် ကွာဟနေတာ ဖြစ်ပါတယ်။

Source: ESPN