CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၇

မေဂျာလိဂ်ကလပ် LAFC အသင်းဟာ အသလက်တီကိုအသင်း တိုက်စစ်မှူး ဂရစ်ဇ်မန်းကို ခေါ်ယူနိုင်ဖို့ စိတ်ဝင် စားနေတယ်လို့ L'Equipe က ဖော်ပြထားပါတယ်။

LAFC အသင်းဟာ ဂရစ်ဇ်မန်းရဲ့ ပြင်သစ်လက်ရွေးစင် အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဟူဂိုလိုရစ်နဲ့ ဂီရော့ဒ်တို့ကို ခေါ်ယူထားအပြီးမှာ ဂရစ်ဇ်မန်းကိုပါ ခေါ်ယူဖို့ စိတ်ဝင်စားလာတာပါ။ 

ဂရစ်ဇ်မန်းကလည်း ဒီအပြောင်းအရွှေ့ကို စဉ်းစားနေတယ်လို့ သိရပါတယ်။

ဂရစ်ဇ်မန်းဟာ ၂၀၂၃ ခုနှစ်၊ ဇွန်လက ကျင်းပခဲ့တဲ့ ပွဲတစ်ခုမှာ အမေရိကန်ကို သွားရောက်ကစားဖို့က သူ့အတွက် အိပ်မက်ဖြစ်ပြီး အနာဂတ်ရည်မှန်းချက်လို့ ပြောခဲ့တာပါ။

ဂရစ်ဇ်မန်းဟာ မေဂျာလိဂ်အပြင် ဆော်ဒီပရိုလိဂ်ရဲ့ ကမ်းလှမ်းမှုအချို့ကို ရရှိခဲ့ပေမယ့် မေဂျာလိဂ်မှာ သွားရောက် ကစားဖို့က သူ့အတွက် ရည်မှန်းချက်ဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ထပ်ပြီး ပြောခဲ့ပါတယ်။ 

ဂရစ်ဇ်မန်းကို တွေ့ရစဉ်

အခုအချိန်မှာတော့ ဂရစ်ဇ်မန်းဟာ ဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့ နီးစပ်လာပြီလို့ L'Equipe က ဖော်ပြ ထားတာပါ။ 

အသလက်တီကိုနဲ့ ဂရစ်ဇ်မန်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၅ ဆိုရင် ကုန်ဆုံးမှာဖြစ်ပေမယ့် နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့်ရှိနေပါတယ်။

ဂရစ်ဇ်မန်းကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ ဒီနွေရာသီမှာ စာချုပ်ဖျက်သိမ်းကြေး ယူရို ၁၀ သန်းဝန်းကျင်နဲ့ အသလက်တီကိုအသင်းကနေ ခေါ်ယူခွင့်ရှိနေတယ်လို့လည်း သိရပါတယ်။ 

အခုအချိန်မှာ ဂရစ်ဇ်မန်းနဲ့ သူ့ရဲ့မိသားစုဟာ အနာဂတ်အတွက် စဉ်းစားနေပြီး LAFC အသင်းကတော့ အခု အပြောင်းအရွှေ့ မဟုတ်ရင်တောင် လာမယ့် အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတာပါ။

အသက် ၃၃ နှစ်အရွယ်ရှိ ဂရစ်ဇ်မန်းဟာ အသလက်တီကိုအသင်းအတွက် ဒုတိယအကြိမ် ကစားတာမှာ ၁၃၂ ပွဲ ကစားထားပြီး ၄၈ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။

Source: besoccer