CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၂၂

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ဘရာဇီးလ်အသင်းနဲ့ ကစားမယ့် ခြေစမ်းပွဲကို လွဲချော်မှာဖြစ်ပါတယ်။

ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ကစားခဲ့တဲ့ နောက်ဆုံးပွဲစဉ်မှာ ဂိုးတိုင်နဲ့ တိုက်မိပြီး ခြေချင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့တာပါ။ 

ဟာရီကိန်းရဲ့ ဒဏ်ရာ အခြေအနေဟာ ပြင်းထန်မှု မရှိတာကြောင့် နိုင်ငံတကာ ခြေစမ်းပွဲတွေကစားမယ့် အင်္ဂလန်အသင်းနဲ့ လာရောက် ပူးပေါင်းခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ကစားသမားဟာ ပြီးခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကိုလည်း လွဲချော်ခဲ့ပြီးနောက် ဘရာဇီးလ်အသင်းနဲ့ ခြေစမ်းပွဲမှာ အနားပေးခံရမယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားတာပါ။

ဒါပေမယ့် ဟာရီကိန်းဟာ ဘယ်လ်ဂျီယံအသင်းနဲ့ ခြေစမ်းပွဲမှာတော့ အင်္ဂလန်အသင်းအတွက် မိနစ်အနည်းငယ် ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ 

 ဟာရီကိန်းကို တွေ့ရစဉ်

အင်္ဂလန်အသင်းဟာ ဘရာဇီးလ်အသင်းနဲ့ ပွဲမှာ တိုက်စစ်မှူးအဖြစ် အိုင်ဗန်တိုနေးနဲ့ ဝက်ကင်စ်တို့ထဲက တစ်ဦးဦး ကို အသုံးပြုလာနိုင်သလို ရက်ရှ်ဖို့ဒ်ကိုလည်း အထောင်တိုက်စစ်မှူးအဖြစ် ပွဲထွက်လာနိုင်ဖွယ်ရှိတာပါ။ 

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ လာမယ့်ယူရိုပြိုင်ပွဲ မတိုင်ခင် ခြေစမ်းပွဲတွေအတွက် ပြင်ဆင်တာမှာ ကစားသမားတွေရဲ့ ဒဏ်ရာနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်း တောင်ပံကစားသမား ဆာကာကလည်း ဒဏ်ရာကြောင့် ဘရာဇီးလ်၊ ဘယ်လ်ဂျီယံ အသင်း တို့နဲ့ ကစားမယ့် အင်္ဂလန်အသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့ပါတယ်။ 

ဆာကာဟာ အင်္ဂလန်အသင်းရဲ့ လေ့ကျင့်မှုတွေမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိဘဲ အခုတော့ အာဆင်နယ်အသင်းထံပြန်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်သွားဖို့ ရှိနေတာပါ။ 

အင်္ဂလန်အသင်းဟာ ဒဏ်ရာကြောင့် လူစာရင်းက နုတ်ထွက်ခဲ့တဲ့ ဆာကာရဲ့ နေရာမှာ အစားထိုးဖို့ ကစားသမား ခေါ်ယူသွားမှာ မဟုတ်တော့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

အင်္ဂလန်အသင်းဟာ မတ်လ ၂၃ ရက်မှာ ဘရာဇီးလ်၊ ၂၆ ရက်မှာ ဘယ်လ်ဂျီယံအသင်းတို့နဲ့ ဝင်ဘာလေ အားကစားကွင်းကြီးထဲမှာ ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

Source: Metro