CNI Sport News

၂၀၂၄ ခုနှစ်၊ မတ်လ ၂၂

ချန်ပီယံရှစ်ကလပ် လက်စတာအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်းချိုးဖောက်မှုနဲ့ ပရီးမီးယားလိဂ် ရဲ့ စွဲချက်တင်ခြင်းခံခဲ့ရပြီး ရမှတ်လျှော့ ခံရဖွယ်ရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်ပြိုင်ပွဲကို တန်းဆင်းခဲ့ရတဲ့ လက်စတာအသင်းဟာ သူတို့ရဲ့ ဘဏ္ဍာရေးစာရင်းတွေကို တင်ပြဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး ပရီးမီးယားလိဂ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

လက်စတာအသင်းအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်ခဲ့ကြောင်း ထင်ရှားခဲ့မယ်ဆိုရင် အဲဗာတန်၊ နော်တင်ဟမ်ဖောရက်စ် အသင်းတို့ပြီးနောက် တတိယမြောက် ရမှတ်လျှော့ခံရမယ့်အသင်း ဖြစ်လာ မှာပါ။ 

ပရီးမီးယားလိဂ်ရဲ့ စည်းမျဉ်းတွေမှာ အသင်းတစ်သင်းဟာ ၃ နှစ်တာ ကာလအတွင်း ပေါင် ၁၀၅ သန်းထက်ကျော် ပြီး အရှုံးပြလို့မရတာ ဖြစ်ပါတယ်။

လက်စတာအသင်းကတော့ သူတို့ကို စွဲချက်တင်တဲ့ ပရီးမီးယားလိဂ်ရဲ့ ဆုံးဖြတ်ချက်ကို အံ့အားသင့်သလို စိတ်လည်း ပျက်မိတယ်လို့ ထုတ်ပြန်ထားတာပါ။ 

 လက်စတာအသင်းကို တွေ့ရစဉ်

လက်စတာအသင်းဟာ ဒီရာသီ ချန်ပီယံရှစ် အမှတ်ပေးဇယားမှာ ထိပ်ဆုံးနေရာက လိဒ်စ်အသင်းထက် ၁ ပွဲလျော့ ကစားထားပြီး ရမှတ်တူညီကာ ဂိုးကွာခြားချက်ကြောင့် အဆင့် ၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

လက်စတာအသင်းအနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို တန်းမတက်နိုင်ဘူးဆိုရင် ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဖြစ်နိုင်ဖွယ်ရှိတဲ့ အမှတ်လျှော့ချမှုကို ခံရဖွယ်ရှိနေတာပါ။

လက်စတာအသင်းကို ပရီးမီးယားလိဂ်က စွဲချက်တင်ထားတဲ့ ဘဏ္ဍာရေးချိုးဖောက်မှုနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ ကော်မရှင်အဖွဲ့ဟာ စုံစမ်းစစ်ဆေးမှု ပြုလုပ်တာကို အပြီးသတ်ဖို့ အချိန်ယူရဖွယ်ရှိနေပါတယ်။ 

အဲဒါကြောင့် လက်စတာအသင်းအနေနဲ့ ဒီရာသီမှာ အမှတ်လျှော့ခံရဖွယ်မရှိတာပါ။ 

ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးအသင်းဆိုရင် ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုနဲ့ စွဲချက်ပေါင်း ၁၀၀ ကျော် တင်ခံထားရတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် မန်စီးတီးအသင်းကို အခုထိ အရေးယူမှု တစ်စုံတစ်ရာ ပြုလုပ်ရခြင်းမရှိတာပါ။

ပရီးမီးယားလိဂ်ဟာ အဲဗာတန်၊ နော်တင်ဟမ်ဖောရက်စ် အသင်းတို့ကို ရမှတ်လျှော့ အရေးယူမှုပြုလုပ်ပြီး မန်စီးတီး အသင်းကို အရေးမယူသေးတဲ့အပေါ် ဝေဖန်မှုပြင်းပြင်းထန်ထန် ခံနေရတာလည်း ဖြစ်ပါတယ်။

Source: ESPN